ဆိုင်ကလုန်းမုန်တိုင်း အဆာနီဟာ မတ်လ ၂၃ ရက်လောက်မှာ မြန်မာနိုင်ငံကို ဖြတ်သန်း ဝင်ရောက်နိုင်ခြေ ရှိနေကြောင်း အိန္ဒိယ မိုးလေဝသ ဌာနက ခန့်မှန်း ကြေညာထားပါတယ်။
မိုးလေဝသဌာန အကြီးအကဲ မွတ်ယွန်ဂျေ မိုဟာပါထရာက ဘင်္ဂလား သမုဒ္ဒရာထဲမှာ တစ်နာရီ ၁၂ ကီလိုမီတာလောက် နှုန်းနဲ့ တဖြည်းဖြည်း ရွေ့လျားနေတဲ့ အဆာနီဟာ လေဖိအားနည်း ရပ်ဝန်းငယ် အဖြစ်ကနေ မတ်လ ၂၁ ရက်မှာ ဆိုင်ကလုန်း မုန်တိုင်းအဆင့်ထိ ပီပီပြင်ပြင် အားကောင်းလာကြောင်း ပြောပါတယ်။
မုန်တိုင်းဟာ ကပ္ပလီ ပင်လယ်ထဲက ကျွန်းစုငယ်တွေကို ဖြတ်သန်းပြီးရင် မြန်မာနိုင်ငံ အနောက်တောင်ပိုင်း၊ ဧရာဝတီတိုင်းနဲ့ မြန်မာနိုင်ငံ အနောက်ပိုင်းက ရခိုင်ပြည်နယ် ကမ်းခြေတွေကို ရောက်ရှိလာဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။ မုန်တိုင်း လမ်းကြောင်းကို အတိအကျ ခန့်မှန်းနိုင်ဖို့ စောလွန်းနေသေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်တာမျိုးလည်း ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့ မိုဟာပါထရာက ဆိုပါတယ်။
လောလောဆယ်တော့ ဖြစ်နိုင်ခြေ အရှိဆုံး ခန့်မှန်းထားတဲ့ လမ်းကြောင်းအရ ရန်ကုန်မြို့ရဲ့ အနောက်ဖက် ကီလိုမီတာ ၅၆၀ အကွာလောက်ကနေ အဆာနီ မုန်တိုင်း ဖြတ်သန်း တိုက်ခတ်ဖွယ် ရှိနေပါတယ်။ ကမ်းရိုးတန်း ဒေသတွေမှာ ပြင်းထန်တဲ့ လှိုင်းရိုက်ခတ်မှုတွေ ဖြစ်လာနိုင်ပြီး ဒေသခံတွေ အနေနဲ့ ကုန်းမြင့်ပိုင်းကို ယာယီ ပြောင်းရွှေ့တာ အပါအဝင် ကြိုတင် အစီအမံတွေ ဆောင်ရွက်ထားသင့်ပါတယ်။

Public Service Announcement
မုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက ဒေသတချို့မှာ လေပြင်းတိုက်ခတ်တာ၊ မိုးသည်းသည်းထန်ထန် ရွာသွန်းတာတွေ ကြုံလာနိုင်ပါတယ်။ မတ်လ ၂၁ ရက်ထိ အခြေအနေအရတော့ မုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ တစ်နာရီ ၆၅ ကီလိုမီတာနဲ့ ၇၅ ကီလိုမီတာ နှုန်းတွေကြားမှာ တည်ငြိမ်နေတယ်လို့ ဆိုပါတယ်။
မုန်တိုင်းဒဏ်ကို ဘင်္ဂလား ပင်လယ်အော်ထဲက အန်ဒမန်နဲ့ နစ်ကိုဘာ ကျွန်းတွေမှာလည်း သက်ရောက် ခံစားရမှာ ဖြစ်ပေမယ့် အဲဒီကျွန်းတွေကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှာ မဟုတ်ဘူးလို့ အိန္ဒိယ မိုးလေဝသ ဌာနက အတည်ပြု ကြေညာထားပါတယ်။
အဆာနီဟာ အခုနှစ်အတွက် ဘင်္ဂလား ပင်လယ်အော်ထဲ ဝင်ရောက် တိုက်ခတ်တဲ့ ပထမဆုံး ဆိုင်ကလုန်း မုန်တိုင်း ဖြစ်လာပါတယ်။ အဆာနီဆိုတဲ့ နာမည်ကို သီရိလင်္ကာ နိုင်ငံက ရွေးချယ်ပေးထားတာဖြစ်ပြီး ‘အမျက်ဒေါသ’လို့ ယေဘုယျ အဓိပ္ပါယ် သတ်မှတ်နိုင်ကြောင်းလည်း သိရပါတယ်။
