စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် လပိုင်းအကြာမှာတင် ဖမ်းဆီးခံလိုက်ရတဲ့ မဇ္ဈိမ သတင်းဌာနရဲ့ အယ်ဒီတာ ကိုသန်းထိုက်အောင်ကို စစ်ကောင်စီက ဒီနေ့မှာ ထောင်ဒဏ် ၂ နှစ်ချလိုက်ပါတယ်။
မတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ကိုသန်းထိုက်အောင်ကို ထောင်ချ လိုက်တာဖြစ်ပြီး ချုပ်ရက်ခံစားခွင့်ပေးတယ်လို့ ကိုသန်းထိုက်အောင်နဲ့ နီးစပ်သူတစ်ဦးဆီက သိရပါတယ်။
ကိုသန်းထိုက်အောင်ကိုနေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးကနေ မတ်လ ၉ ရက်က စွဲချက်တင်ခဲ့တာဖြစ်ပြီး ကိုသန်းထိုက်အောင်က သူ့မှာအပြစ်မရှိကြောင်း စွဲချက်တင်စဉ်က ထုချေခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတစ်လကျော်အကြာ ၂၀၂၁ ခုနှစ် မတ်လအတွင်းက နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ရဲ့ ရုံးချိန်ကို သွားရောက်သတင်းယူချိန် ကိုသန်းထိုက်အောင်ဟာ BBC မြန်မာပိုင်းသတင်းထောက်နဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။
ဖမ်းဆီးပြီးရက်ပိုင်းအကြာမှာတင် ဘီဘီစီသတင်းထောက်ကို စစ်ကောင်စီက ပြန်လွှတ်ပေးမယ့် ကိုသန်းထိုက်အောင်ကိုတော့ ဆက်လက်ဖမ်းဆီးကာ တရားစွဲဆိုခဲ့တာပဲဖြစ်ပါတယ်။
စစ်ကောင်စီဟာ မနေ့ကလည်း ကမာရွတ်မီဒီယာ အယ်ဒီတာ ဦးဟံသာညိန်းကို ထောင်ဒဏ် ၂ နှစ်ချခဲ့ပါသေးတယ်။
စစ်တပ်ဟာ အာဏာသိမ်းပြီးနောက် သတင်းမီဒီယာတိုက်တွေကိုလိုင်စင်ပိတ်သိမ်းတာ ၊ ဝင်ရောက်စီးနင်းရှာဖွေတာ ၊ ဖမ်းဆီးထောင်ချတာတွေကိုဆက်တိုက်ပြုလုပ်ခဲ့တာပါ။
စာရင်းတွေအရ သတင်းမီဒီယာသမား ၅၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး အချို့ ပြန်လွှတ်လာကာ ၄၀ နီးပါး အကျဉ်ထောင်တွေထဲမှာ ရှိနေဆဲပါ။