ချင်းပြည်နယ်၊ဟားခါးမြို့ ရုန်းတောင်ကြားတွင်အာဏာသိမ်းစစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စီး ယနေ့နံနက်ကပျက်ကျသဖြင့် စစ်ကောင်စီတပ်သား ၂ ဦးနှင့် ပညာရေးဝန်ထမ်း သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဟားခါးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောသည်။
“တက္ကသိုလ်စာမေးပွဲမေးခွန်းလာပို့တဲ့ စစ်တပ်ပိုင်ရဟတ်ယာဉ် ပျက်ကျတာပါ၊ စစ်သားနှစ်ဦးနဲ့ ပညာရေးဝန်ထမ်း ၃ ဦး ဒဏ်ရာရတယ်လို့ သိထားရတယ်”ဟု ဟားခါးမြို့ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောသည်။
ရုန်းတောင်ကြားတွင်ထင်းရှုးပင်များကိုဝင်တိုက်မိ၍ ရဟတ်ယာဥ်ပျက်ကျသည်ဟုဒေသခံအချို့ က ပြောဆိုနေကြသော်လည်း မည်သည့်ကြောင့်ပျက်ကျသည့်ကို မသိရသေးပေ။
ဟားခါးမြို့ခံတစ်ဦးကလည်း“အဲဘက်ကို စစ်သားတွေသွားပြီး ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ကို ပြန်သယ်ဖို့လုပ်နေတယ်”ဟုပြောသည်။

Public Service Announcement
အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ၂၆၆ စခန်းရှိရာ ထင်းရှုးတောထဲတွင် ယနေ့( မတ် ၂၉ ရက်) မနက် ၉နာရီခွဲ့က ပျက်ကျခဲ့ကြောင်း ချင်းပြည်နယ်အခြေစိုက် The Chin Journal ကလည်းဖော်ပြသည်။
“မီးခိုးလုံးတွေ တွေ့လိုက်ရတယ်။ စစ်တပ်ရဟတ်ယာဉ်ပျက်ကျတယ်လို့သိရတယ်”ဟု The Chin Journal ကဒေသခံတစ်ဦးအားကိုးကား၍ဖော်ပြထားသည်။
ရဟတ်ယာဥ်ပျက်ကျမှု ရာသီဥတုကြောင့်ဖြစ်ပြီး ရဟတ်ယာဥ်အမြီးပိုင်းကျိုးခဲ့ခြင်းဖြစ်ကာ လက်နက်ဖြင့်ပစ်ခတ်ခံရခြင်းမဟုတ်ကြောင်း စစ်ကောင်စီ၏ ဒုဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းကစစ်ကောင်စီနှင့် နီးစပ်သော မီဒီယာအချို့သောပြောကြားထားသည်ကိုတွေ့ရသည်။


















































