အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေ ပြန်လက်ခံဖို့ စီစဉ်နေပေမယ့် မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသွားတွေ အလည်အပတ် သွားရောက်တာမျိုး မလုပ်ဖို့ ဆော်ဩမှုတွေ ရှိလာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရဆီကနေ အဓမ္မ အာဏာသိမ်းယူခဲ့တာ တစ်နှစ်ကျော်လောက် ကြာမြင့်လာတဲ့နောက် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဟာ ဧပြီ ၁၇ ရက်ကစလို့ နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေကို ပြန်လည် ဖွင့်လှစ်ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသွားတွေ အနေနဲ့ မြန်မာနိုင်ငံကို ရှောင်ကွင်းသင့်တယ်လို့ နိုင်ငံတကာ ခရီးသွား လုပ်ငန်းဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တိုက်တွန်း နှိုးဆော်နေကြပါတယ်။ မြန်မာနိုင်ငံမှာ ကမ္ဘာလှည့် ခရီးသွားတွေ ပြန်စည်ကားလာမယ်ဆိုရင် အာဏာသိမ်း စစ်ကောင်စီရဲ့ ကောင်းကျိုးအတွက်ပဲ ဖြစ်သွားလိမ့်မယ်လို့ Burma Humanitarian Missionရဲ့ ဥက္ကဋ္ဌနဲ့ Backpack Medicsရဲ့ စီမံကိန်း ဒါရိုက်တာ မိုက်ကယ် အစ်ရှာဝုဒ်က သတိပေးခဲ့ပါတယ်။
ရွေးကောက်ခံ ဒီမိုကရေစီ အင်အားစုတွေ ဦးဆောင် ဖွဲ့စည်းထားတဲ့ NUG အစိုးရရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်ကလည်း အခုအချိန်က မြန်မာနိုင်ငံမှာ ရှုခင်းတွေ လာကြည့်ဖို့ သင့်တော်တဲ့ ကာလ မဟုတ်သေးဘဲ ကမ္ဘာလှည့် ခရီးသွားတွေ အလည်အပတ် မလာကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement
မြန်မာနိုင်ငံဟာ ကပ်ရောဂါ ကူးစက်မှုတွေကို ထိန်းချုပ်ဖို့အတွက် တခြား ကမ္ဘာ့နိုင်ငံ အများစုလိုပဲ ၂၀၂၀ ပြည့်နှစ် အစောပိုင်းလောက်ကစလို့ နယ်စပ်တွေကို ပိတ်ထားလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရ လက်ထက်က ချမှတ်ခဲ့တာပါ။
ဒါပေမဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးတဲ့ နောက်မှာလည်း နိုင်ငံတကာ ခရီးသွားတွေ ဝင်ရောက်ခွင့်ကို ဆက်လက် ကန့်သတ်ထားခဲ့ပါတယ်။ ဒီအတောအတွင်း မြန်မာနိုင်ငံမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဒီမိုကရေစီရေး လက်နက်ကိုင် တော်လှန် လှုပ်ရှားမှုတွေလည်း ပိုမို အားကောင်းလာခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ချဲလ် ဘာချီလတ်က စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေနဲ့အတူ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေဟာ ပိုမို ဆိုးရွား ကျယ်ပြန့်လာနေကြောင်း သတိပေးထားပါတယ်။ နိုင်ငံရဲ့ စီးပွားရေး ကဏ္ဍကလည်း ပြိုလဲလုနီးပါး ဖြစ်နေပြီး လူဦးရေ ၁၄ သန်းခွဲလောက်ဟာ လူသားချင်း စာနာမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဘတ်ချီလတ်က ဆိုပါတယ်။
ဗြိတိန် အစိုးရကလည်း သေရေးရှင်ရေး ကိစ္စမျိုးကလွဲရင် မြန်မာနိုင်ငံကို သွားရောက်တာမျိုးကို ရှောင်ကြဉ်ကြဖို့ အကြံပေးချက် ထုတ်ပြန်ထားပါတယ်။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ပြန်လည်ပတ်အောင် ကြိုးစားခြင်းက အာဏာသိမ်း စစ်ကောင်စီက မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပုံမှန် အနေအထား ပြန်ဖြစ်နေပြီ ဆိုတာမျိုး နိုင်ငံတကာကို လိမ်လည် ပြသဖို့ အားထုတ်တဲ့ အစီအမံတစ်ခု ဖြစ်နိုင်ပါတယ်။
လက်တွေ့မှာတော့ စစ်ကောင်စီ တပ်တွေနဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့တွေဟာ ပြည်သူတွေကို အဓမ္မ ဖမ်းဆီးတာ၊ မုဒိမ်းကျင့်တာ၊ ရွာလုံးကျွတ် မီးရှို့တာ၊ လူသတ်တာတွေ အပါအဝင် လူမဆန်တဲ့ ရာဇဝတ်မှုတွေကို မြိန်ရည်ယှက်ရည် ကျူးလွန်နေဆဲလို့ အစ်ရှာဝုဒ်က ဆိုပါတယ်။
လေ့လာသူ အများစုက အာဏာသိမ်း မြန်မာစစ်တပ်ဟာ ပြည်တွင်းမှာ တည်ငြိမ်မှု ရှိနေပါပြီ ဆိုတာကို ပုံဖော်နိုင်ဖို့ အသည်းအသန် လိုလားနေကြောင်း ယူဆထားပါတယ်။ ခရီးသွား အေဂျင်စီ တစ်ခုဖြစ်တဲ့ Sampan Travelရဲ့ အမှုဆောင်ချုပ် ဘာတီ အလက်ဇန္ဒား လော်ဆန်က နိုင်ငံတကာ ခရီးသွားတွေ အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်မယ် ဆိုရင်တောင် မြန်မာ ပြည်သူလူထုအတွက် အမှန်တကယ် ကောင်းကျိုး သက်ရောက်မှု ရရှိစေမယ့် အခြေအနေတွေကို တွက်ချက် ရွေးချယ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ရန်ကုန် အခြေစိုက် ခရီးသွားလုပ်ငန်း Uncharted Horizons Myanmarကို ထူထောင်ထားတဲ့ ဂျိုချန် မိုင်စ်နာက ရန်ကုန်လို မြို့ကြီးမှာတောင် နိစ္စဓူဝ ဗုံးကွဲတာတွေ၊ လုပ်ကြံမှုတွေ ရှိနေပြီး လမ်းတွေပေါ်မှာလည်း စစ်တပ်တွေ ဖြန့်ထားကြောင်း ပြောပါတယ်။ စစ်ကောင်စီက ကမ္ဘာလှည့် ခရီးသွားတွေရဲ့ လုံခြုံရေးကို အာမခံပါတယ် ပြောခဲ့ရင်တောင် အားလပ်ရက် အပန်းဖြေ ခရီးထွက်တာမျိုးအတွက် မြန်မာနိုင်ငံကို မရွေးသင့်သေးဘူးလို့ သူက ဆိုပါတယ်။
ရန်ကုန်အပြင် မြန်မာနိုင်ငံမှာ ကမ္ဘာလှည့် ခရီးသွားတွေကြား ထင်ရှားတဲ့ နေရာတွေ တည်ရှိရာ ကယားပြည်နယ်၊ ချင်းပြည်နယ် အပါအဝင် ဒေသတချို့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ အဲဒီ နေရာတွေမှာ လူနေမှုဘဝ အခြေအနေတွေက ပိုမို ဆိုးရွားလာနေပြီး သောက်သုံးရေ၊ လျှပ်စစ်မီးနဲ့ အင်တာနက် ရရှိမှုတွေပါ အကန့်အသတ် ကြီးမားလာနေတယ်လို့ လော်ဆင်က သတိပေးခဲ့ပါတယ်။ မိုင်စ်နာကလည်း မြန်မာနိုင်ငံမှာ အရာရာ အိုကေမနေဘူးလို့ ကမ္ဘာလှည့် ခရီးသွားတွေကို ရည်ရွယ်ပြီး ပြောကြားသွားခဲ့ပါတယ်။


















































