ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် မြို့ပြပြောက်ကျားတပ်စု ထပ်မံဖွဲ့စည်းလိုက်ပြီး စစ်ကောင်စီ၏ဌာနဆိုင်ရာ အဆောက်အဦးများအား ဖောက်ခွဲတိုက်ခိုက်မည်ဟု ကြေညာချက်ထုတ်ပြန်သည်။
ပင်းတယမြို့ပြပြောက်ကျားတပ်စု( Urban Task Force- Pindaya)ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့(မေ ၄ရက်)တွင် သတင်းထုတ်ပြန်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားသော မူဝါဒများနှင့်အညီ ရပ်တည်ပြီး စစ်ကောင်စီကို တော်လှန်မည်ဟု ဆိုသည်။
ပင်းတယမြို့နယ်တွင်းရှိ ပြည်သူလူထုအား အကြမ်းဖက်စစ်ကောင်စီရန်မှ ကာကွယ်သွားမည်ဖြစ်ပြီး မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံဌာနများအား ဖောက်ခွဲသွားမည်ဟုထုတ်ပြန်ထားသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရုံးဌာနများအနီးအနားတွင် သွားလာလှုပ်ရှားခြင်းများ မပြုလုပ်ရန် မေတ္တာရပ်ခံထားသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးနေသည့်ကြားမှ ဒေသခံလူငယ်များက အမျိုးသားညီညွတ်ရေးအစိုးရနှင့်ချိတ်ဆက်ထားသည့် နောက်ထပ်ပြည်သူ့ကာကွယ်ရေးတစ်ဖွဲ့ ထပ်မံဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့မှ ရွာငံနှင့် ပင်းတယမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူများကို စစ်ကောင်စီက ဖမ်းဆီးနေပြီး လေးဦးထက်မနည်းသည် စစ်ကြောရေးတွင်သေဆုံးခဲ့သည်။

Public Service Announcement
ပင်းတယတွင် ပင်းတယမြို့ပြပြောက်ကျားတပ်ဖွဲ့ (UGP)လည်း လွန်ခဲ့သည့်သုံးလခန့်ကတည်းက ဖွဲ့စည်းပြီးဖြစ်ပြီး စစ်ကောင်စီရုံးဌာနအချို့ကို တိုက်ခိုက်ခဲ့ဖူးသည်။ထို့ပြင် ရွာငံမြို့တွင်လည်း ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF) ဖွဲ့စည်းထားသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင်စစ်ကောင်စီအား တုန့်ပြန်တိုက်ခိုက်ရေး အရှိန်မြင့်လာသည့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် Eagle Force (Southern Shan Revolution Youth)၊Dove Guerrille Force (Southern Shan)၊ Dragon Force (Southern Shan)၊Tai PDF Southern Shan၊SSIR (Southern Shan Irine)နှင့်
Dove KK (Metal Crew)တို့က ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ဟူ၍ ဧပြီ ၂၁ရက်က
ဖွဲ့စည်းခဲ့သည်။
ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့(SSRY)တွင် ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲဝင်နေကြသည့် လူငယ်များနှင့် အင်အားစုအဖွဲ့များကို ပြန်လည်စုစည်းပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ထို့အပြင် ယနေ့ဖွဲ့စည်းခဲ့သည့် ပင်းတယမြို့ပြပြောက်ကျားတပ်စု( Urban Task Force- Pindaya)ကဲ့သို့ပင် SSRYကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ကာကွယ်ရေးဝန်ကြီး ဌာန၏ လမ်းညွှန်မှုအတိုင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
“ငါတို့မြို့အတွက် ငါတို့ခြေလှမ်း စတင်လျှောက်လမ်းမည်။ အရေးတော်ပုံအောင်ရမည်”ဟု ပင်းတယမြို့ပြပြောက်ကြားတပ်စု( Urban Task Force- Pindaya)က ကြွေးကြော်ထားသည်။


















































