မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Rangers Of Mandalay (ROM) အနေဖြင့် မန္တလေးမြို့ကို မစွန့်ခွာသေးဘဲ ဆက်လက်တောင့်ခံထားဆဲဖြစ်ကြောင်း People’s Springသို့ အတည်ပြုပြောသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်မှုများကြား အခက်အခဲများရှိသော်လည်း မန္တလေးမြို့၌ အခြေပြု၍ စစ်အာဏာရှင်ဆန့်ကျင်ရေး စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်လာသည်မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်ကြောင်း ROM က ဆိုသည်။
“ကျွန်တော်တို့အဖွဲ့ မထွက်သေးပါဘူး။ တောင့်ခံထားပါတယ်”ဟု Rangers Of Mandalay (ROM)မှ ဗိုလ်ဖီးနစ်က ပြောသည်။
မန္တလေးမြို့အား စွန့်ခွာသွားခြင်းမရှိကြောင်းကို မေလ၅ရက်က စစ်လက်နက်ယန္တရားတပ် စစ်တပ်ဂိတ်ကင်းကို ပစ်ခတ်တိုက်ခိုက်ခြင်းဖြင့် သက်သေပြခဲ့သည်ဟု ၎င်းကဆိုသည်။

Public Service Announcement
အဆိုပါတိုက်ခိုက်မှုကို ဗိုလ်ဖီးနစ်ဦးဆောင်သော ROM ပြောက်ကျားတပ်နှင့် ညီနောင်မဟာမိတ်ခြောက်ဖွဲ့ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယခုရက်ပိုင်းတွင် မန္တလေးမြို့အခြေစိုက် မြစ်ငယ် PDF မှ လက်ထောက်ခေါင်းဆောင်အပါအဝင် တော်လှန်ရေးရဲဘော်ငါးဦး စစ်ကောင်စီတပ်အား အညံ့မခံခုခံရင်း မြင့်မြတ်စွာကျဆုံးရခြင်းနှင့်အတူ မြို့ပြပြောက်ကျားတပ်ဖွဲ့အချို့မှာ မန္တလေးမြို့မှ စွန့်ခွာရမှုများရှိကြောင်း မြေအောက်တော်လှန် ရေးလှုပ်ရှားမှုအဖွဲ့များထံမှ သိရသည်။
မန္တလေးမြို့တွင် လုံခြုံရေးအခြေအနေအရ နေထိုင်၍မရခြင်းနှင့် မြို့ဒေသခံများ၏ စစ်အာဏာရှင်တော်လှန်ရေးသွေးအေးလာမှုကြောင့်ဆိုကာ မြို့အားစွန့်ခွာမည်ဖြစ်ကြောင်း အဆိုပါမြို့အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ နှစ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။


















































