Connect with us

Hi, what are you looking for?

LuduNwayOo

News

လက်ရှိမြန်မာနိုင်ငံအရေး တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တစ်ခုတည်းဖြင့် ဖြေရှင်းမရ၊ NUG၊ CRPHတို့ ပါဝင်ရမည်

KNU အဖွဲ့ဆိုလျင် ၎င်းငြိမ်းချမ်းရေးဖိတ်ခေါ်သည့် ဧပြီ ၂၂ရက်ကတည်းက စစ်ကောင်စီခေါင်းဆောင် ၏ ဖိတ်ခေါ်ချက်ကို လက်မခံကြောင်း တုံ့ပြန်ခဲ့ပြီး နောက်ပိုင်းတွင်လည်း ကြေညာချက်ထုတ်ပြန်ပြီး မတက်ရောက်နိုင်ကြောင်း တုံ့ပြန်ခဲ့သည်။

KIO/KIA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ

▪️တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲ မတက်ရခြင်းမှာ ပြည်ပနိုင်ငံများကြောင့်ဟု မင်းအောင်လှိုင်၏ စွပ်စွဲပြောဆိုချက်အပေါ် KIOနှင့် KNPP တာဝန်ရှိသူများ၏ တုံ့ပြန်ချက်

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ဧပြီ ၂၂ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ခဲ့ရာ ကရင်အမျိုးသားအစည်း အရုံး(KNU/KNLA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)စသည့် လက်ရှိစစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လက်မခံဘဲ ပယ်ချခဲ့သည်။

အကြမ်းဖက် အာဏာသိမ်းသည့်စစ်ကောင်စီ၌ နိုင်ငံရေးဆွေးနွေးပွဲ ခေါ်ယူခွင့်မရှိ၊ နိုင်ငံရေးဆွေးနွေးရန် မထိုက် တန်ကြောင်း KNUက တုံ့ပြန်ခဲ့ပြီး KIOကလည်း ပါဝင်သင့်သူအားလုံးဖိတ်ခေါ်ခြင်းမရှိသည့် ဆွေးနွေးပွဲ၊ နိုင်ငံအရေးအရာများကို ဆွေးနွေးအဖြေရှာမည်ဟူသော သဘောထားမပါရှိသည့် ဖိတ်ခေါ်ချက်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ ထို့အပြင် KNPP ကလည်း စစ်ကောင်စီ၏ဖိတ်ခေါ်ချက်သည် လက်ရှိဖြစ်နေသည့် နိုင်ငံရေးအကြပ်အတည်းများကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းဖော်ထုတ်မှုမဟုတ်၍ တွေ့ဆုံဆွေးနွေးရန် အချိန်ကောင်းမဟုတ်ဟု တုံ့ပြန်ခဲ့သည်။

အဆိုပါသက်ဆိုင်ရာ အဖွဲ့အစည်းများက ဆွေးနွေးပွဲ မတက်ရောက်နိုင်သည့် အကြောင်းအရင်းကို ရှင်းလင်းစွာ ထုတ်ပြန်ကြေညာခဲ့သော်လည်း စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က လိမ်ညာပုံဖျက်သည့် စကားများပြောဆိုကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပေါ် စွပ်စွဲပြောဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

KNU အဖွဲ့ဆိုလျင် ၎င်းငြိမ်းချမ်းရေးဖိတ်ခေါ်သည့် ဧပြီ ၂၂ရက်ကတည်းက စစ်ကောင်စီခေါင်းဆောင် ၏ ဖိတ်ခေါ်ချက်ကို လက်မခံကြောင်း တုံ့ပြန်ခဲ့ပြီး နောက်ပိုင်းတွင်လည်း ကြေညာချက်ထုတ်ပြန်ပြီး မတက်ရောက်နိုင်ကြောင်း တုံ့ပြန်ခဲ့သည်။

သို့ရာတွင် KNUသည် ဆွေးနွေးပွဲသို့တက်ရန် ဆန္ဒရှိခဲ့သည်ဟု မင်းအောင်လှိုင်က လိမ်ညာပြောဆိုခဲ့သည်။

“မူလက တက်မယ်လို့ဆန္ဒရှိနေပြီးတော့မှ မတက်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ချခဲ့တာကတော့ KNUဖြစ်ပါတယ်။ KNU ရယ် နောက်တစ်ခါ KIA ရယ် KNPP ရယ်ကတော့ အဲဒီနယ်မြေတွေမှာရှိတဲ့တချို့သော သူတို့ဆီက အဖွဲ့အစည်းတွေက ကျွန်တော်တို့ဆီမှာ လက်ရှိအကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ PDF နောက်တစ်ခါ CRPH သူတို့နဲ့ ဆက်နွယ်နေတာတွေ ရှိနေတာကို တွေ့ပါတယ်။ နောက်တစ်ခါ ဒီအဖွဲ့တွေက ပြည်ပနိုင်ငံတွေရဲ့ ပတ်သက်မှုတွေနဲ့ ဆက်နွယ်နေတယ်လို့လည်း ကျွန်တော်တို့ သိထားရပါတယ်။ ဒါကြောင့် သူတို့က ကျွန်တော်တို့ရဲ့ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ မတက်ဘူးဆိုတဲ့အကြောင်းကို ထုတ်ပြန်ခဲ့တာတွေဖြစ်တယ်လို့ ကျွန်တော်တို့ တွေ့ရှိရပါတယ်”ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

စစ်ကောင်စီခေါင်းဆောင်၏ စွပ်စွဲပြောဆိုချက်နှင့်ပတ်သက်ပြီး KIOနှင့် KNPPအဖွဲ့များ၏ သဘော ထားကို မေးမြန်းဖော်ပြလိုက်ပြီး KNUထံသို့ ဆက်သွယ်နေဆဲဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မ တော်(KIO/KIA) သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ

“ဗိုလ်ချုပ်မှူးကြီး(စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်) ပြောတဲ့နေရာမှာ မြန်မာနိုင်ငံရဲ့အကြောင်းကတော့ မြန်မာ နိုင်ငံသားတွေ ဆွေးနွေးအဖြေရှာဆုံးဖြတ်ရမယ်ဆိုတဲ့အပိုင်းလည်း သူပြောသွားတာ တွေ့ရပါတယ်။ နိုင်ငံခြားသားတွေက ပတ်သက်တာမျိုးတော့ မဖြစ်စေချင်ဘူးပေါ့။ သူကလည်း နိုင်ငံခြားသားနဲ့ဆို ဘယ်နည်းနဲ့မှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရဘူးလို့ပြောပါတယ်။

ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း နိုင်ငံခြားသားတွေ ဆုံးဖြတ်ဖို့ နိုင်ငံခြားသားတွေ ခေါ်ခိုင်းတာတော့ မဟုတ်ပါဘူး။ တပ်မတော်နဲ့ဆွေးနွေးတာတော့ အကြိမ်ပေါင်းများပြီ။ ဆိုတော့ အချင်း ချင်းယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ အထူး သဖြင့်ကတော့ တပ်မတော်အပေါ်မှာ ယုံကြည်မှု မရှိလို့ သက်သေအနေနဲ့ နိုင်ငံခြားတွေ Third Party တွေပေါ့နော်။ ခေါ်ရင်ကောင်းပါတယ်ဆိုပြီး အကြံပြုတဲ့ သဘောရှိပါတယ်။ နောက်တစ်ခုရှိတာက မြန်မာနိုင်ငံသားတွေ ဆုံးဖြတ်ရတဲ့ အရေးကြီးတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဆိုလို့ရှိရင်တော့ NUG တို့ PDFတို့ အဲဒါတွေလည်း ဖိတ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မဖိတ်ရင်တော့ အဲဒါလည်း နိုင်ငံသားမသတ်မှတ်သလို ပြန်ဖြစ်သွားမှာပဲ။ သူက ကျွန်တော်တို့ကို စွပ်စွဲတာကတော့ NUGတို့ CRPH နဲ့ ဆက်စပ်နေတယ်လို့ ပြောတာ။ ကျွန်တော်ပြောလိုတာက NUG တို့ CRPHကတော့ ကျွန်တော်တို့ ဥပမာ ကချင်ပေါ့နော် KIOနဲ့သာ ဆက်စပ်နေတာမဟုတ်ဘူး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆက်စပ်နေတာ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြန့်ပြီးမှ နေနေတာ။ ကျွန်တော်တို့ တိုင်းရင်းသားနယ်မြေမှာပဲနေတာမဟုတ်ဘူး ပြည်တွင်း၊ ပြည်ပ အားလုံးမှာသူတို့ကနေတာ။ ဒါကျွန်တော်တို့နဲ့ ဆက်စပ်နေလို့ဆိုပြီးမှ စွပ်စွဲတာမျိုးတော့ လက်မခံဘူး။ ဒါက ဘာပဲဖြစ်ဖြစ် အားလုံးကို ခြုံငုံပြီးမှ ဖိတ်သင့်တာ ဖိတ်ကြားဖို့ ကျွန်တော်တို့က ပြောလိုပါတယ်။ ကျွန်တော်တို့ KIO အနေနဲ့လည်း လုံး၀ဆွေးနွေးပွဲ မတက်ဘူးလို့ ကန့်ကွက်တာ မဟုတ်ဘူး။ ဖိတ်သင့်တာအားလုံးကိုဖိတ်၊ တန်းတူရည်တူ ဆွေးနွေးနိုင်တဲ့ အနေအထား အခင်းအကျင်းတွေရောက်တဲ့အချိန် ကျွန်တော်တို့လည်း ဆွေးနွေးပါ့မယ်ဆိုတာ ကျွန်တော်တို့ ထုတ်ပြန်ကြေညာချက်မှာ ပါပြီးသားဖြစ်ပါတယ်။ အဲဒီတော့ မဟုတ်တာတွေကို ဆွေးနွေးပြီးမှ ကျွန်တော်တို့နိုင်ငံကို အုပ်ချုပ်မယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးဘက်မှာ မဦးတည်ပါဘူး။

ဒါလည်း တစ်ချက် ပါပါတယ်။ ဒါကြောင့် ဖြူစင်တဲ့ သဘော ထားကောင်းတဲ့ ဆွေးနွေးပွဲဖြစ်ဖို့ဆိုရင်တော့ နိုင်ငံသားဖြစ်နေတဲ့ NUGတို့ CRPHတို့ အကြောင်းတွေလည်းဆွေးနွေးရမှာပဲ သူတို့ကိုလည်း ဖိတ်ခေါ်ရမှာပဲ။ ကျွန်တော်ကတော့ အဲဒီလို ပြောလိုပါတယ်။

တပ်မတော်တွေကတော့ သူတို့အကြပ်အတည်းကြုံတိုင်း ငြိမ်းချမ်းရေးခေါ်တဲ့ အလေ့အကျင့် သူက ကျင့်သုံးနေတာ ။လွန်ခဲ့တဲ့ အချိန်မှာလည်း ဆွေးနွေးရေးဆိုပြီးမှ ဆွေးနွေးပွဲ ဖိတ်ခေါ်ပြီဆိုလို့ရှိရင် တစ်ဖက်က တိုက်ပွဲတွေစစ်ဆင်ရေးတွေလုပ်နေတာ။ အဲဒါကလည်း သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတစ်ခုလို ဖြစ်နေတာ။ အခုလည်းပဲ တစ်ဖက်ကတော့ ကျွန်တော်တို့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ခေါ်ပြီးမှ တစ်ဖက်က စစ်ရေးများလုပ်လေမလားပေါ့။ အဲဒါမျိုးတွေလည်း စဉ်းစားဖို့လိုပါတယ်။ ဒါက မကောင်းဘက်က ကျွန်တော်ပြောတာ မဟုတ်ဘူး သူတို့လုပ်ခဲ့တာတွေ ပြန်စဉ်းစားပြီးမှ ကျွန်တော်ပြောတာဖြစ်ပါတယ်။”

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တွဲဖက်အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တွဲဖက်အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်

“ကျွန်တော်တို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရှင်းပြီးပြီလေ။ ပြည်ပရဲ့ ထောက်ခံမှုတွေနဲ့ ကျွန်တော်တို့ ရပ်တည်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့ပြောပြီးပြီ။ ကျွန်တော်တို့ရဲ့ ကရင်နီပြည်အရေးဟာ ကျွန်တော်တို့ ကရင်နီအမျိုးသားတစ်ရပ်လုံးရဲ့တာဝန်ဖြစ်တယ်။ ကရင်နီအမျိုးသားတစ်ရပ်လုံးအပေါ်မှာ တာဝန်ရှိတယ်ဆိုတာ ကျွန်တော်တို့ဖော်ပြထားပြီးဖြစ်တယ်။ ကျွန်တော်တို့ ဘယ်သူ့မှ အားကိုးလို့ရမှာ မဟုတ်ဘူး။ လက်တွေ့ပဲဖြစ်တယ်။ ဒီနေ့ အောက်ခြေမြေပြင်မှာ တိုက်ပွဲတွေအကြီး အကျယ် ဖြစ်နေတယ်။ လူတွေသတ်ဖြတ်ခံနေရတယ်။ ဖမ်းဆီးထိန်းသိမ်းခံနေရတယ်။ အိုးအိမ်တိုက်တာတွေ ဖျက်ဆီးခံနေတယ်။ ဘယ်သူမှ ကျွန်တော်တို့ကို လာပြီးမှ ကူညီပေးနေလို့လဲ။

အဲဒါက လက်တွေ့ပဲလေ။ အဲဒီတော့ ကျွန်တော်တို့ နားလည်တာ ကျွန်တော်တို့ ယုံကြည်တာက ကျွန်တော်တို့ အမျိုးသားရေးကို ကျွန်တော်တို့ပဲလုပ်ရမယ်။ အဲဒီအတွက် ကြောင့် ကျွန်တော်တို့က ပြည်ပက ထောက်ခံအားပေးမှုနဲ့ ကျွန်တော်တို့က ဒီတွေ့ဆုံဆွေးနွေးမှု ခေါ်တာကို မသွားတာမဟုတ်ဘူး။ အဓိကက ကျွန်တော် တို့ နိုင်ငံရေး ဦးတည်ချက်နဲ့မကိုက်ညီလို့။ ဒီနေ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းက ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့တည်းနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဒီနေ့က ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအခင်းအကျင်းက တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တယ်။ အဲဒီတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ယုံကြည်တဲ့ အဖွဲ့အစည်း အင်အားစုတွေအားလုံး ပါဝင်ဖြေရှင်းမှသာ ကျွန်တော်တို့ နိုင်ငံရဲ့ အခက်အခဲကို ကျွန်တော်တို့ ကျော်လွှားနိုင်မယ်။

အဲဒါကို ထောက်ပြတာ ဖြစ်တယ်။ နောက်တစ်ချက်က မြေပြင်မှာရှိနေတဲ့ အဖြစ်အပျက်တွေ နဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို လုပ်ဖို့ဆိုတဲ့ဟာက သဟဇာတ မဖြစ်ဘူး။ မြေပြင်မှာက စစ်အင်အားတွေ တိုးချဲ့နေတယ်။ နောက်ပြီးမှ စစ်ဆင်ရေးတွေလုပ်နေတယ်။ စစ်တပ်အင်အားတွေ ထပ်မံပြီးမှတိုးချဲ့နေတယ်။ တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတယ်။ ဒါတွေကို အဆုံးမသတ်ဘဲနဲ့ တွေ့ဆုံဆွေးနွေးရေး ခေါ်တယ်ဆိုတာ သဟဇာတ မဖြစ်ဘူး ။ ဒါတွေကို ကျွန်တော်တို့ ပြောတာဖြစ်တယ်။ နောက်ပြီးတော့ ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲက ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံမှာလဲ။

၂၀၀၈ ကို အခြေခံပြီးသွားလို့ကတော့ စစ်တပ်အာဏာတည်မြဲရေး အတွက် ပဲဖြစ်လိမ့်မယ်။ အဲဒီအတွက်ကြောင့် မို့လို့ ကျွန်တော်တို့က ဒီနေ့ အဲဒီအောက်ကနေ သွားမယ်ဆိုလို့ရှိရင် စစ်အာဏာ ရှင် သက်ဆိုးရှည်ရေးကို ကျွန်တော်တို့က အားပေးသလိုဖြစ်နေမယ်။ အဲဒါကြောင့် ဖက်ဒရယ် အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ ရှိတဲ့ ပြည်နယ်တွေ ပေါ်ထွန်းရေးကို ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ အဲဒါတွေကြောင့် ကျွန်တော်တို့ ကန့်ကွက်တာဖြစ်ပါတယ်။”

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။