စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ပြည်သူများအား အပြင်မထွက်ရန်မေတ္တာရပ်ခံပြီး အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသည့် နေရာခုနစ်နှင့် စစ်တပ်ပိုင်မြန်မာဘီယာရောင်းချသည့်ဆိုင် သုံးဆိုင်အား ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း MonywaUG တပ်ပေါင်းစုများက ပြောသည်။
ယမန်နေ့(မေလ ၁၇ ရက်) မွန်းလွဲပိုင်းက မုံရွာမြို့ရှိ MonywaUG တပ်ပေါင်းစုက ပြည်သူများအား အပြင်မထွက်ရန် မေတ္တာရပ်ခံခဲ့သည်။ ထို့နောက် မုံရွာမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များရှိရာ သာစည်လမ်း၊ စည်ပင်ရုံးရှေ့၊ ရန်ကင်း၊ အက်တော၊ ဂေါက်ကွင်းရှေ့၊ အက်တောကြာကန်၊ အိမ်ဖြူတော်ရှေ့အစရှိသည့် နေရာခုနစ်ခုအား ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း MonywaUG တပ်ပေါင်းစုက ပြောသည်။
အထက်ပါ ဖောက်ခွဲမှုများအား Monywa Nightking အဖွဲ့အပါအဝင် UG ၉ ဖွဲ့က ပူးပေါင်းဆောင် ရွက်ခဲ့ကြခြင်းဖြစ်သည်။
မေလ ၁၅ ရက်ကလည်း မုံရွာမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ထုတ်ကုန် မြန်မာစည်ဘီယာများ ရောင်းချနေသော ဆိုင်လေးဆိုင်အနက်မှ သုံးဆိုင်အား လက်ပစ်ဗုံးသုံးလုံးဖြင့် ပစ်ခတ်သတိပေးခဲ့ကြောင်း Monywa Heroes Groupက အသိပေးသည်။

Public Service Announcement
မုံရွာမြို့ပေါ်တွင် မြန်မာစည်ဘီယာများအား ဆက်လက်ရောင်းချနေသော အောင်ချမ်းသာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးမှ Point ဘီယာဆိုင်နှင့် ကျန်ရှိသော အကြမ်းဖက်စစ်အုပ်စု၏ ထောက်တိုင် ဘီယာဆိုင်များအား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါဘီယာဆိုင်တွင် ရောင်းဝယ်နေသူများ၊ သောက်သုံးနေသူများ၏ အသက်အန္တရာယ် ထိခိုက်မှုများအတွက် အာမခံမည်မဟုတ်ကြောင်း Monywa Heroes Group၊ Special Forces-11နှင့် Monywa Truth Of Forceအဖွဲ့များက သတိပေးသည်။
မုံရွာမြို့ပေါ်တွင်သာမက မုံရွာသို့လာရာလမ်းပိုင်းများတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်နေသည်။ ယမန်နေ့(မေလ ၁၇ရက်)မှစတင်ကာ မုံရွာ – ချောင်းဦး ၊ မုံရွာ – အမြင့်လမ်းပိုင်း၊မုံရွာ – မန္တလေးလမ်းပိုင်းများအား အရေးပေါ်အခြေအနေကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန်နှင့် အရေးပေါ်ကိစ္စရှိမှသာလျှင် သုံးပြုကြပါရန် ညီနောင်မဟာမိတ်အဖွဲ့များက သတိပေးကြေညာထားသည်။



















































