စစ်ကိုင်းတိုင်း၊ ချောင်းဦးနှင့် မုံရွာမြို့နယ်များတွင်စစ်ကောင်စီတပ်ထုတ်ပေးထားသော လက်နက်များဖြင့် ပြည်သူများအပေါ် ဒုက္ခပေးနေသည့် ပျူစောထီးလေးဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း Monywa Black Hunter People’s Task Forceက သတင်းထုတ်ပြန်သည်။
မေလ ၂၁ ရက်နေ့ ည ၇ နာရီခွဲခန့်က ချောင်းဦးမြို့နယ်၊ ရွှေဘူတာကျေးရွာရှိ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင် အမျိုးသားနှစ်ဦးအား နှစ်ဖွဲ့ခွဲ၍ ၎င်းတို့၏ နေအိမ်များတွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်းထိုအဖွဲ့က ပြောသည်။
၎င်းတို့နှစ်ဦးသည် ရွှေဘူတာကျေးရွာအား ပျူရွာဖြစ်အောင် လုပ်နေကြသူများဖြစ်၍ အချိန်မီသုတ်သင်ရှင်းလင်းခဲ့သည်ဟု MBHPTF ကပြောသည်။
မေလ ၂၂ရက်နေ့ကလည်း မွန်းလွဲ ၂ နာရီခွဲခန့်တွင် မုံရွာမြို့နယ်၊ တောပုကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် အမျိုးသားနှစ်ဦးအား မုံရွာ-ချောင်းဦးလမ်းဘေးတစ်နေရာတွင် Monywa Black Hunter People’s Task Forceက ရှင်းလင်းခဲ့သည်။

Public Service Announcement
၎င်းတို့နှစ်ဦးသည် တောပုရွာ ပျူသင်တန်းဆင်းများဖြစ်ပြီး အနီးနားရှိ ကျေးရွာများနှင့် လမ်းသွားလမ်းလာများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်၊ ဗိုလ်ကျ၊ ဓားပြတိုက်နေသောကြောင့် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိ့ရသည်။
“၂ ယောက်က တောပုပျူအဖွဲ့ထဲကခေါင်းဆောင်ပိုင်းထဲမှာပါပါတယ်။ သူတို့အပြင်ထွက်လာတုန်းလေး လိုက်ပြီးရှင်းလင်းရတာပါ။ စစ်ကောင်စီက သူတို့ကို အရှည်တွေပေးထားတယ်ပြောတယ်။ မနေ့ကတော့လက်နက်ပါမလာဘူး။ ကျွန်တော်တို့ကနောက်ကနေ အသာလိုက်ပစ်တာဆိုတော့ သူတို့ပါလည်းပြန်မပစ်နိုင်ပါဘူး။”ဟု Monywa Black Hunter People’s Task Forceအဖွဲ့တာဝန်ရှိသူက ပြောသည်။
ကျန်ရှိနေသည့် စစ်ကောင်စီထောက်တိုင်၊ပျူစောထီးများအနေဖြင့်အချိန်မီ ပြည်သူ့ဘက်မှရပ်တည်ကြရန်၊ ပြည်သူများနှင့်အတူမရပ်တည်ဘဲ စစ်ကောင်စီနှင့်အတူ PDF၊UGအဖွဲ့များ၊ပြည်သူများအား ထပ်မံဒုက္ခပေးနေမည်ဆိုပါက ဆက်လက်ရှင်းလင်းသွားမည်ဟု အဖွဲ့ကသတိပေးသည်။
ဧပြီလ ၁၇ ရက်နေ့က မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကျင်းပပြီးချိန် လမ်းပိုင်းကင်းစောင့်ပေးနေသော ချောင်းဦးမြို့နယ် PDF အဖွဲ့မှ ရဲဘော်ငါးဦး ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး ၎င်းတို့အားသတ်ဖြတ်သွားသူများတွင် တောပုရွာမှ ပျူစောထီးများပါဝင်ကြောင်း ဒေသခံများက ပြောသည်။


















































