ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်လူမျိုးတွေအကြားမှာ ဒီထက်မက လက်တွဲပူးပေါင်းဆောင်ရွက်မှုတွေကို မြင်ချင်ပြီး အချင်းချင်းကြား ထောက်ခံအားပေးမှုတွေလည်း လိုအပ်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဗျူဟာမှူး ဗိုလ်မှူးစောဂီနွီးက ပြောပါတယ်။
ကေအဲန်ယူ-မူတြော်သတင်းစဉ်နဲ့ တွေဆုံမေးမြန်းတဲ့အစီအစဉ်မှာ KNLA တပ်မဟာ ၅ ဗျူဟာမှူးအသစ်ဖြစ်သူက အခုလိုပြောကြားခဲ့တာပါ။
“ကျနော့်ရဲ့လုပ်ငန်းတာဝန်အပေါ်မှာ အမှားအယွင်းတစ်စုံတစ်ရာရှိမယ်ဆိုရင်လည်း စာနာနားလည်ပေးစေချင်လိုပါတယ်။ တက်ညီလက်ညီ လက်တွဲဆောင်ရွက်စရာတွေလိုသလို အပြန်အလှန်နားလည်အားပေးမှုတွေလည်း လိုအပ်ပါတယ်။ ထောက်ပြအကြံပြုချက်တွေလည်း အမြဲလိုအပ်နေမှာပါ” လို့ ဗိုလ်မှူးစောဂီနွီးက ပြောကြားပါတယ်။
ဒါ့အပြင် ကရင်တမျိုးသားမျှော်မှန်းထားတဲ့ ပန်းတိုင်ကိုရောက်ရှိဖို့အတွက် ကရင်ပြည်သူတွေအနေနဲ့ ကျရာတာဝန်အပေါ်မှာ ကျေပွန်စွာတာဝန်ထမ်းဆောင်ကြဖို့လိုအပ်ပြီး တာဝန်ယူမှု တာဝန်ခံမှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေလည်း အင်မတံလိုအပ်တယ်လို့ တပ်မဟာ ၅ ဗျူဟာမှူးက ဆိုပါသေးတယ်။
“ကျရာတာဝန်အပေါ်မှာ မိမိကိုယ်ကို အသုံးတော်ခံပြီး ကျွေပွန်စွာထမ်းဆောင်ကြဖို့ လိုအပ်ပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုကိုလည်း မမှိတ်မသုန်လိုက်နာဖို့လိုအပ်သလို စွန့်လွှတ်အနစ်နာခံမှုဟာလည်း အင်မတန်လိုအပ်ပါတယ်။ အခက်အခဲမှန်သမျှကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှသာ တမျိုးသားလုံးရည်မှန်းထားတဲ့ ပန်းတိုင်ကို ဧကန်မုချရောက်ရှိမှာပါ” လို့ ဗိုလ်မှူးစောဂီနွီးက ဆိုပါသေးတယ်။

Public Service Announcement
ဒါ့အပြင် တပ်မဟာ ၅ တပ်မဟာမှူးရာထူးမှာ တာဝန်ယူထားတာ အချိန်ကာလက သိပ်မကြာသေးတာမို့ လတ်တလောမှာ လုပ်ငန်းတာဝန်တွေ အသေးစိတ်မယူနိုင်သေးပဲ ဒီအပေါ်မှာ တဆင့်ချင်းလေ့လာဆည်းပူရမှာဖြစ်ကာ တာဝန်လုပ်သက်ကြာလာတာနဲ့အမျှ အခက်အခဲတွေ ဘယ်လောက်ပဲရှိနေပါစေ ရင်ဆိုင်ကျော်လွှာနိုင်မယ်လို့ ယုံကြည်ကြောင်း ဗိုလ်မှူးစောဂီနွီးက လက်ရှိစိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာပါ။
“ကျနော်ခံယူတာက ကျနော့်လူမျိုးတွေ လိုရာပန်းတိုင်ကိုမရောက်ရှိသေးသရွေ့ စိန်ခေါ်မှုတွေကတော့ ကျနော့်အတွက် အမျိုးမျိုးရှိနေဦးမှာပဲလေ” လို့ ဗိုလ်မှူးစောဂီနွီးက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလအစောပိုင်းက ကေအဲန်ယူ-မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေထဲကနေ နယ်ခြားစောင့်တပ်(BGF)တွေ ပြန်လည်ရုတ်သိမ်းတာနဲ့ပတ်သက်ပြီး ပြန်လည်ရုတ်သိမ်းသွားတဲ့ BGF တပ်တွေဟာ ယာယီဧည့်သည်တပ်တွေဖြစ်ကြီး နယ်ခံတပ်ရင်းတွေကတော့ ပြန်လည်ရုတ်သိမ်းခြင်းမရှိပဲ အရင်အတိုင်းသာ ဆက်လက်ရှိနေတယ်လို့ ဆိုပါသေးတယ်။
“ဧည့်သည်တပ်တွေပြန်ရုတ်သိမ်းရတာကလည်း KNLA တပ်မဟာ ၆ ဘက်မှာ ပြန်လှုပ်ရှားရမှာမို့လို့ပါ။ ဒီလိုနယ်ခြားစောင့်တပ်တွေက စစ်ကောင်စီတပ်လက်အောက်ခံဖြစ်သည်နဲ့အမျှ စစ်ကောင်စီပေးတဲ့လစာကို စားနေရတော့ သူတို့ခိုင်းတာအကုန်လုပ်ပေးရတာပေါ့” လို့ ဗိုလ်မှူးစောဂီနွီးက ဆိုပါတယ်။
လက်ရှိ မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီက ရှေ့တန်းတပ်စခန်းတွေကို ပြင်ဆင်မွမ်းမံတာတွေလုပ်ဆောင်နေပြီး စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကိုလည်း ပို့ဆောင်တာတွေလုပ်နေသလို ဒေသခံပြည်သူတွေနေထိုင်တဲ့ ကျေးရွာနဲ့ဥယျာဉ်ခြံမြေတွေထဲမှာ လက်နက်ကြီးပစ်ခတ်မှုတွေက နေ့စဉ်လိုလို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
