မကွေးတိုင်း၊ မြစ်ခြေ – စဘေ ကားလမ်းပိုင်းတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ခုနှစ်ဦးခန့်သေဆုံးနိုင်ကြောင်း မြစ်ခြေ – ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( MC – KC DF ) က ယနေ့(မေ ၂၉ ရက်)တွင် ထုတ်ပြန်သည်။
တိုက်ခိုက်မှုဖြစ်စဥ်မှာ ယမန်နေ့(မေ ၂၈ ရက်) ညနေ ၄ နာရီခန့်က ဖြစ်ပြီး ကင်းလှည့်နေသည့် စစ်ကောင်စီ၏ ဆိုင်ကယ်နှင့် ကားပေါ်တွင် စစ်ကောင်စီတပ်သားအင်အား ၄၀ခန့် ပါရှိသည်ဟု ဆိုသည်။
“ထိတာတော့ဆိုင်ကယ်စီးတဲ့သူတွေအပြင် ကားနှစ်စီးလည်းပါတယ်။ မိုင်းက စုစုပေါင်း ငါးလုံးသုံးခဲ့တာ”ဟု MC – KC DF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ထိုဖြစ်စဥ်တွင် မြစ်ခြေ – ကျွန်းချောင်း ( MC – KC DF ) အဖွဲ့သားများ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းအသိပေးသည်။
ယခုလ ၂၃ ရက်ကလည်း မြစ်ခြေ ရှိ ကံကြီးစုရွာထိပ်တွင်ဓါးပြတိုက်နေသော ရဲနှင့် ပျူစောထီးများကို ပြည်သူများ ၏သတင်းပေးချက်အရ မြစ်ခြေ-ကျွန်းချောင်း လမ်းပိုင်း၌ တိုက်ခိုက်ခဲ့ ကြောင်း MC – KC DF ထုတ်ပြန်ထားသည်။

Public Service Announcement
အဆိုပါတိုက်ခိုက်မှုတွင် ယာဥ်ပေါ်ပါရှိသော ရဲနှင့် ပျူစောထီးအဖွဲ့ဝင် ၁၃ဦးစလုံး သေဆုံးသွား ကြောင်း သိရသည်။
