အင်္ဂပူမြို့ရှိစစ်ကောင်စီ၏အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်အားအကြီးစားမိုင်း၆လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီအထိအခိုက်များနိုင်ကြောင်း ဧရာဝတီတိုင်းအခြေစိုက်ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေးပြောက်ကျားတပ်ကထုတ်ပြန်သည်။
ဧရာဝတီတိုင်း၊အင်္ဂပူမြို့နယ်၊ကွင်းကောက်မြို့ရှိအမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကိုယမန်နေ့(ဇွန် ၂ရက်)ညက ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဇွန်လ၂ရက်နေ့ည၈နာရီ၁၀မီနစ်မှာအစပြုပြီးစစ်ဆေးရေးဂိတ်(အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်)ကိုခြေမှုန်းတိုက်ခိုက်ရေးမိုင်းအကြီးစားနှစ်လုံးနဲ့ စတင်တိုက်ခိုက်ပြီးစစ်ခွေးတွေထွက်လာနဲ့အချိန်မှာအဆင်သင့်ဆင်ပြီးသားမိုင်းအကြီးစားလေးလုံးထပ်မံခွဲပြီးတိုက်ခိုက်ခဲ့ပါသည်”ဟုဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေးပြောက်ကျားတပ်ကထုတ်ပြန်ထားသည်။ စစ်ဆင်ရေးသည် ယမန်နေ့ည၈ နာရီ၁၀ မိနစ်မှစတင်ပြီး ၈ နာရီ ၃၀ အထိ့ မီနစ် ၂၀ ကြာခဲ့သည်ဟုဆိုသည်။
အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကိုတိုက်ခိုက်သည့်တစ်ချိန်တည်းတွင်ပုသိမ်-မုံရွာလမ်းမိုင်တိုင်၆၁/၆၂ကြား၊လှံထောင်ကွင်းရွာအနီးရှိ မိုင်းတယ်တာဝါတိုင်ကိုလည်း မိုင်းအကြီးစားနှစ်လုံးအသုံးပြုကာဖောက်ခွဲဖျက်စီးခဲ့သည်ဟု ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေး ပြောက်ကျားတပ် တာဝန်ခံ ဗိုလ်ဧရာနဂါးကပြောသည်။
“ပေါက်ကွဲသံကအကျယ်ကြီး ၆ ခါ ကြားတာ။ ပေါက်ကွဲသံထွက်ပြီး မကြာခင် စစ်ကားတွေ ထွက်သွားတာ မြင်လိုက်တယ်။ ဒဏ်ရာရသူတွေကိုသယ်တာလို့ထင်တာပဲ”ဟုအင်္ဂပူမြို့ခံတစ်ဦးကပြောသည်။
အထက်ပါတိုက်ခိုက်မှုကို ခွပ်ဒေါင်းမင်း စစ်ဆင်ရေးဟုအမည်ပေးထားသည်။ တိုက်ခိုက်မှုမပြုလုပ်ခင် နေ့လယ်ပိုင်းတွင်စစ်ကောင်စီနေရာများနှင့် ဝေးဝေးနေကြရန် ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေး ပြောက်ကျားတပ်ကလူထုအားကြိုတင်သတိပေးချက်ထုတ်ပြန်ခဲ့သည်။
တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများနိုင်သည်ဟု ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေးပြောက်ကျားတပ်က ထုတ်ပြန်ထားသည်။တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကသေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းသိရသည်။
စစ်ဆင်ရေးများ ဆက်လက်ပြုလုပ်မည်ဖြစ်၍အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိရာဝန်းကျင်ကို ရှောင်ရှားနေထိုင်ကြရန် လူထုအား မေတ္တာရပ်ခံထားပြီး ” ခွပ်ဒေါင်းမင်းစစ်ဆင်ရေးအောင်မြင်ပါတယ်။ ဆက်ပြီး စခ(စစ်ခွေး)နဲ့ရခ(ရဲခွေး)တွေကို ကြိုစားတိုက်ခိုက်သွားမည်” ဟုလည်းဗိုလ်ဧရာနဂါးက အသိပေးထားသည်။