ကရင်ပြည်နယ်၊ သံတောင်မြို့ စာတိုက်ရုံးလမ်းဆုံတွင် စစ်ဆေးမှုပြုလုပ်နေသည့် စစ်ကောင်စီအဖွဲ့ကို စနိုက်ပါဖြင့် ပစ်ခတ်ရာတစ်ဦးသေဆုံးကြောင်း PDF Thandaungက ထုတ်ပြန်သည်။
ယနေ့(ဇွန် ၂၀ရက်) နံနက် နံနက်၉နာရီ မိနစ်၄၀ခန့်က စစ်ဆေးမှုပြုလုပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ် သားများအနက် တစ်ဦးကိုပစ်ခတ်ရာ နေရာတွင်ပွဲချင်း ပြီး သေဆုံးသွားသည်ဟု ဆိုသည်။
သေဆုံးသွားသူမှာ စစ်ကောင်စီတပ်၏ တပ်ကြပ်ကြီးအဆင့်ရှိသူဖြစ်ကြောင်း PDF Thandaungက အသိပေးသည်။
ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး တရားမဝင်ဖမ်းဆီးစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နိုင်သဖြင့် ပြည်သူများအနေဖြင့် သတိရှိစွာနေထိုင်ရန် တိုက်တွန်းသည်။

Public Service Announcement
“သံတောင်မှာ ၉နာရီ၄၅မိနစ်ဝန်းကျင်က စကစတစ်ဦးပစ်သတ်ခံရတယ်လို့သတင်းကြားပါတယ်။ နောက် ပိုင်း လက်နက်ငယ်အပြန်အလှန်ပစ်သံထပ်ကြားရပါတယ်တဲ့ အခုလက်ရှိ အမက (၂) ကျောင်းဘက်မှာ စစ်သား ၁၅ ယောက်ခန့်တက်လာပြီး စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်”ဟုဒေသခံသတင်းရင်းမြစ် Thandaung Mupoeက ပြောသည်။
ယခုလ ၇ ရက်ကလည်း သံတောင်မြို့ (၁၃)မိုင် စစ်ကောင်စီတပ်စခန်းအတွင်းရှိသော စစ်ကောင်စီအရာရှိတစ်ဦးအား စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း PDF Thandaung က ထုတ်ပြန်ထားသည်။
