ပြည်သူ့ရဲတပ်ဖွဲ့ဖွဲ့စည်းပြီး ၆ လအတွင်း ဖမ်း ဆီးရမိခဲ့သော မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(KPS)က ယနေ့(ဇွန် ၂၆)တွင် ထုတ်ပြန်သည်။
NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူ၀င်မှုကြီးကြပ်ရေး၀န်ကြီးဌာနအောက်ရှိ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(KPS)အနေဖြင့် (၆)လအတွင်းဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအားယနေ့ကျရောက်သည့်(၃၅) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်အလွဲသုံးမှုနှင့်တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မီးရှို့ဖျက်စီးခဲ့ကြောင်းဖော်ပြသည်။



“အမျိုးသားညီညွှတ်ရေးအစိုးရရဲ့အောက်မှာ ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းတွေကို တာ၀န်ယူမှု၊ တာ၀န်ခံမှု၊ ပွင့်လင်းမြင်သာမှုနဲ့ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်”ဟု KPS မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
ဖမ်းဆီးရမိသောပစ္စည်းများတွင် ဘိန်းဖြူ ၂၉၃ ဂရမ်၊ ဘိန်းမဲ ၂၉၈၃ ဂရမ်၊ WY ဆေးပြား ၃၉၅၄ ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသော ဆေးထိုးအပ် ၁၀ ချောင်းဖြင့် စုစုပေါင်းကာလတန်ဖိုး ၁၁,၉၅၅,၀၀၀ ကိုမီးရှို့ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်သည်။
“စစ်ကောင်စီက မြို့ပေါ်ပဲ လှုပ်ရှားနိုင်တော့တယ်။ စစ်ကောင်စီမလာနိုင်တော့တဲ့ နေရာတွေမှာ မူးယစ်ဆေးတိုက်ဖျက်ရေးကို ကျွန်တော်တို့ လုပ်နေတယ်”ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(KPS)မှ ရဲအရာရှိတစ်ဦးကပြောသည်။


ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(KPS)သည် CDM ပြုလုပ်ထားသည့် ရဲတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဥ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေသည်။
အထက်ပါ (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင် ရာမူးယစ်အလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဖမ်းမိပစ္စည်းများမီးရှို့ဖျက်ဆီးပွဲသို့ KPS တပ်ဖွဲ့ဝင်များ၊ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ် မတော်၊ ရပ်ကျေးအုပ်ချုပ်ရေးနှင့် ကာကွာရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။
“အကြမ်းဖက်စစ်ကောင်စီက လူငယ်တွေတော်လှန်ရေးမလုပ်နိုင်ဖို့ မူးယစ်ဆေးကိုလက်နက်တစ်ခုအနေနဲ့ အသုံးချနေတယ်လို့ကျွန်တော်တို့ ယူဆပါတယ်”ဟု KPS မှ တာဝန် ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။
