စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် မိုင်းဆင်ထားသည့်နေရာသို့ ရောက်လာသည့် စစ်ကောင်စီတပ်ကင်းပုန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (သြဂုတ်၁၄ ရက်) ည ၇ နာရီခွဲဝန်းကျင်က မုံရွာမြို့ အက်တောရွာမြောက်ဘက်နှင့် မွေးမြူရေးဇုန်ကြားတွင် စစ်ကောင်စီတပ်က ကင်းပုန်းလာချခဲ့သည်။
ကင်းပုန်းကျသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသည် မိုင်းဆင်ထားသည့်နေရာသို့ ရောက်လာ၍ အချိန်ကိုက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးလုံး သေဆုံးသည်ဟု ဆိုသည်။

Public Service Announcement
အထက်ပါစစ်ဆင်ရေးအား မုံရွာခရိုင်ပြည်ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ခွဲ (၄) Fight For People – F.F.P အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့ကအသိပေးထားသည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး Chindwin Attack Force အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။
Chindwin Attack Forceသည် ယနေ့ (သြဂုတ်၁၅ ရက်) နံနက် ၂ နာရီဝန်းကျင်က စတင်ကာ မုံရွာ မြို့အဝင် မအူစစ်ဆေးရေးဂိတ်ကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြောက်ကျားထိုးစစ်ဆင်ခဲ့ရာ ၄၅ မိနစ်ကျော် အဆက်မပြတ် ထိုးစစ်ဆင်မှုအတွင်း စစ်ကောင်စီသား ခြောက်ဦးသေဆုံးသည်ဟု ထုတ်ပြန်ထားသည်။


















































