Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီ​၏နိုင်ငံ​ရေးပင်စင်ထုတ်ပြန်ချက် ပါတီများကြား၊​ တော်လှန်​ရေးအင်အားစုများကြား​သွေးခွဲရန်ကြိုးပမ်းမှုဟု NLD ပါတီမှတာဝန်ရှိသူတစ်ဦး​ပြော

ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် NLD သည် နိုင်ငံတဝန်း ၉၀၃ ဦးရွေးချယ်ခံခဲ့ရပြီး ယင်းအနက် ၂၁၇ ဦးမှာ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ စစ်ကောင်စီထံမှ ပင်စင်လစာ ထုတ်ယူခဲ့ခြင်းဖြစ်သည်။

(ကမ္ဘာ့ကပ်​ရောဂါနှင့် စစ်တပ်၏ ခြိမ်း​ခြောက်မှုကြားမှ စံချိန်တင်မဲ​ပေးသူများခဲ့​သော ၂၀၂၀ ​ရွေး​ကောက်ပွဲတွင်ဆန္ဒမဲ​ပေး​နေ​သောပြည်သူတစ်ဦး။ ။ဓါတ်ပုံ-ရိုက်တာ)
(ကမ္ဘာ့ကပ်​ရောဂါနှင့် စစ်တပ်၏ ခြိမ်း​ခြောက်မှုကြားမှ စံချိန်တင်မဲ​ပေးသူများခဲ့​သော ၂၀၂၀ ​ရွေး​ကောက်ပွဲတွင်ဆန္ဒမဲ​ပေး​နေ​သောပြည်သူတစ်ဦး။ ။ဓါတ်ပုံ-ရိုက်တာ)

လွှတ်တော်ကိုယ်စားလှယ်များအား နိုင်ငံရေးပင်စင်ချီးမြှင့်ပြီးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမှာ နိုင်ငံရေးပါတီအချင်းချင်းအကြား နှင့် တော်လှန်ရေးအင်အားစုများအကြား သွေးခွဲ ရန် နိုင်ငံရေးရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း NLD ပါတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ် များအနက် ၅၀၀ နီးပါးကို နိုင်ငံရေးပင်စင်ထုတ်ပေးပြီးကြောင်းနှင့် ယင်းထုတ်ယူသူများအတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ၂၁၇ ဦး ပါဝင်ကြောင်း စစ်ကောင်စီက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် NLD သည် နိုင်ငံတဝန်း ၉၀၃ ဦးရွေးချယ်ခံခဲ့ရပြီး ယင်းအနက် ၂၁၇ ဦးမှာ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ စစ်ကောင်စီထံမှ ပင်စင်လစာ ထုတ်ယူခဲ့ခြင်းဖြစ်သည်။

NLD ပါတီအနေဖြင့် အကြမ်းဖက်စစ်ကောင်စီထံမှ ပင်စင်လစာထုတ်ယူသည့် လွှတ်တော်ကိုယ် စားလှယ်များရှိသည်ကို သိရှိသော်လည်း အရေအတွက်ကိုမူ စာရင်းပြုစုနေဆဲဖြစ်ကြောင်း ရွေး ကောက်ပွဲနှစ်ကြိမ်ဆက်အနိုင်ရထားသူ အမည်မဖော်လိုသည့်လွှတ်တော်အမတ်က ပြောသည်။

ယင်းသို့ အကြမ်းဖက်စစ်ကောင်စီထံမှ ပင်စင်လစာထုတ်ယူသူများကို နောင်တချိန်တွင် ပါတီက ပြင်းပြင်းထန်ထန် အရေးယူလိမ့်မည်ဖြစ်ကြောင်းလည်း NLD ပါတီတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ပင်စင်လစာထုတ်လို့ အရေးယူတာဆိုတာထက် လစာသွားထုတ်နိုင်တဲ့အနေအထားတစ်ရပ်ကို ဖန်တီးယူတဲ့ကိစ္စကို အရေးယူရမှာ။ ကျွန်တော်တို့ပါတီအနေနဲ့ ရသလောက်ဒေတာအချက်အလက်ရယူပြီး တချိန်မှာ ရှင်းရမယ့် ကိစ္စ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

တစ်ဖက်တွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် တရားမဝင်အာဏာသိမ်းချိန်မှစ၍ ၂၀၂၂ ဇူလိုင် ၁ ရက်အထိ NLD လွှတ်တော်ကိုယ်စား လှယ် ၁၁၉ ဦး အပါအဝင် ပါတီဝင် ၂၂၄ ဦး၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ခြင်း၊ ၀ရမ်းကပ်၊ သိမ်းဆည်းခံခဲ့ရသည်။

ထို့အပြင် ၂၀၂၂ မေလ ၅ ရက်အထိ စာရင်းကောက်ယူမှုများအရ အာဏာသိမ်းချိန်မှစ၍ NLD ပါတီဝင် ၉၁၇ ဦးဖမ်းဆီးခံခဲ့ပြီး ၂၁၆ ဦး ပြန်လည်လွတ်မြောက်ခဲ့သည်။ မတရားဖမ်းဆီးထိန်း သိမ်းခံနေရသူများထဲတွင် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဌများ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်အပါအဝင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၉၈ ဦးဖမ်းဆီးထိန်းသိမ်းခံထားရသည်။

လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးမှာ မတရားဖမ်းဆီးထိန်းသိမ်းထားစဉ်ကာလ စစ်ကြောရေး ညှင်းပမ်းနှိပ်စက်သတ်ဖြတ်မှုနှင့် အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်၍ အသက်ဆုံးရှုံးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များသည် တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုလွှတ်တော်(ပြည်သူ့လွှတ်တော်+အမျိုးသားလွှတ်တော်)ကိုယ်စားလှယ်တို့၏ လစာ ကွာခြားချက်အလျှောက် တလုံးတခဲတည်းပင်စင်လစာကွာခြားပြီး တစ်ဦးလျှင်အများဆုံး သိန်း ၅၀ ရရှိသည်။

ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် အနိုင်ရပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် ၁၂၁ ဦး အနက် ၉၈ ဦးသည် နိုင်ငံရေးပင်စင်လစာထုတ်ယူသည်။ အနိုင်ရ ရခိုင်အမျိုးသားပါတီလွှတ်တော်ကိုယ်စားလှယ် ၄၆ ဦးအနက် ၃၉ ဦးသည် နိုင်ငံရေးပင်စင်လစာထုတ်ယူသည်။ အနိုင်ရ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီလွှတ်တော်ကိုယ်စားလှယ် ၄၇ ဦးအနက် ၄၃ ဦးသည် နိုင်ငံရေးပင်စင်ထုတ်ယူကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်သက်တမ်းအပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် လွှတ်တော်ကိုယ်စားလှယ်အားလုံး နိုင်ငံရေးပင်စင် ထုတ်ယူခဲ့ကြပြီး ယင်းအချိန်က ယခုကဲ့သို့ သတင်းထုတ်ပြန်ခြင်းမရှိပေ။

ထိုစဉ်က NLD ပါတီသည် နိုင်ငံရေးပင်စင်ထုတ်ယူသော လွှတ်တော်ကိုယ်စားလှယ်များထံမှ ပင်စင်လစာ၏ ၄ ပုံ ၁ ပုံကို ပါတီရန်ပုံငွေအဖြစ် ထည့်ဝင်စေခဲ့ကြောင်း လွှတ်တော်အမတ်တစ်ဦးက ပြောသည်။

နိုင်ငံရေးပင်စင်ချီးမြှင့်ပြီးကြောင်း သတင်းထုတ်ပြန်ချက်သည် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အမြတ်ထုတ်ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ ပုံဖော်လို သည်မှာ ၎င်းတို့ထံ အညံ့ခံသည့်၊ ၎င်းတို့ဖန်တီးထားသည့် အခြေအနေအောက်သို့ ခေါင်းလျှိုဝင်သည့်အရေအတွက်ကို ပြသခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

“လွှတ်တော်ကိုယ်စားလှယ်အဟောင်းတွေပဲဖြစ်ဖြစ်၊ (၂၀၂၀မှာ)ပြန်အရွေးခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပဲဖြစ်ဖြစ် တော်လှန်ရေးမှာ မပါနေဦးတော့၊ ဒီလိုမျိုး အာဏာသိမ်းမှုကို ခုခံ တော်လှန်နေတဲ့လှုပ်ရှားမှုထဲမှာ ကိုယ်တိုင်တိုက်ရိုက်မပါဦးတော့ အနိမ့်ဆုံးအနေနဲ့ သူတို့ဆီကနေ ကျွန်တော်တို့ မျှော်လင့်တာက ဒီအကြမ်းဖက်စစ်အုပ်စုနဲ့ မပူးပေါင်းဖို့။ တရားမဝင်တဲ့ ယန္တရားနဲ့ မပူးပေါင်းဖို့ ပြည်သူတွေအနေနဲ့ အနိမ့်ဆုံးအဆင့် မျှော်လင့်မယ်ထင်တယ်” ဟု နိုင်ငံရေး လေ့လာသူက ဆိုသည်။

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များသည် ၎င်းတို့၏ သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ ပြည်သူလူထု ကို အလုပ်အကျွေးပြုမည်ဟု ကတိကဝတ်ပြုခဲ့ကြသူများဖြစ်ပြီး လက်ရှိ အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သော လုပ်ရပ်၊ ကျူးလွန်မှုများကို ခံစားနေရသည့် ပြည်သူများအတွက် စဉ်းစားဆောင်ရွက် ရန်၊ အလုပ်အကျွေးပြုရန် လိုကြောင်း အထက်ပါနိုင်ငံရေးလေ့လာသူက မှတ်ချက်ပြုသည်။

“ဒီမိုကရေစီကို ယုံကြည်လို့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်ပြီး ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ ပြည်သူတွေရဲ့ လူနေမှုဘ၀ကို ပိုမိုတိုးတက်အောင် အလုပ်အကျွေးပြုပါမယ်လို့ အာမခံထားတဲ့သူတွေသည် ဒီမိုကရေစီရဲ့ အခြေခံအကျဆုံးစံနှုန်းကို ချိုးဖောက်နေတဲ့ ယန္တရားနဲ့ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ ဘယ်လိုမှ ရှေ့ နောက်၊ ကျိုး ကြောင်း ဆီလျှော်တဲ့ကိစ္စမဟုတ်ဘူးပေါ့” ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး ၎င်းက “ဒီလိုထုတ်ယူတာသည် အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းတာ၊ ဒီမိုကရေစီ နည်းလုံး၀မကျတဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုနဲ့ ပူးပေါင်းတာဖြစ်တဲ့အတွက် ဒီမိုကရေစီ အခြေခံမူကို ကျော်လွန်တာဖြစ်တယ်။ ဒီသမိုင်းကတော့ နောင်တချိန် ဒီမိုကရေစီစနစ်တစ်ခုကို ပြန်ထူ ထောင်တဲ့အချိန်မှာ မှတ်မိနေရမယ့် သမိုင်းတစ်ခုတော့ ဖြစ်လိမ့်မယ်ထင်တယ်” ဟု ဆိုသည်။