အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးသည့် သတင်းမှာ အမှားဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ရှင်းလင်းသည်။
ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့်ပတ်သတ်၍ သတင်းအမှားများကို အခြေခံလျက် စွတ်စွဲပြောဆိုသော အသံဖိုင်တစ်ခုကို KPTV News အမည်ရသည့် Facebook Page က ဩဂုတ် ၂၂ရက်တွင် ထုတ်လွှင့်ခဲ့ရာ ဦးရည်မွန်သည် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ရာပြည့်၊လှမောင်ရွှေတို့နှင့်တွေ့ဆုံဆွေးနွေးသည်ဟူသော သတင်းအမှား ကို ဖော်ပြခဲ့သည်ဟု ဆိုသည်။
ထို့ပြင် မဲဆောက်မြို့တွင် ဦးရည်မွန်သည် ရဲဘော်သံခဲနှင့်အတူ အရက်ထွက်ဝယ်စဥ် ထိုင်းရဲ၏ ဖမ်းဆီးခြင်းခံခဲ့ရသည် ဟူသောသတင်းအမှားများကို ကိုးကားလျက် အသံရှင်က ဦးရည်မွန်အပေါ် စွတ်စွဲပုတ်ခတ်ပြောဆိုထားသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။
၎င်းကိုးကားချက် နှစ်ခုလုံးသည် မြေပြင်တွင် လုံးဝဖြစ်ပေါ်ခဲ့ခြင်းမရှိသော သတင်းအမှားများဖြစ်ရုံမက အကြမ်းဖက် စစ်ကောင်စီဘက်သားများက ဆိုရှယ်မီဒီယာတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့်ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့၏ ဂုဏ်သတင်းကို ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ ဖြန့်ချီနေခဲ့သော သတင်းအတုများလည်း ဖြစ်ကြောင်း ရှင်းလင်းထားသည်။

Public Service Announcement
အသံဖိုင်ကိုထုတ်လွှင့်သော KPTV News အနေဖြင့်လည်းကောင်း၊ အသံရှင်မောင်ဒေါန ဆိုသူ အနေဖြင့်လည်းကောင်း သတင်းအမှား၊ သတင်းအတုများကို အခြေခံလျက် စွတ်စွဲပြောဆိုထုတ်လွှင့်မှုကို တာဝန်ယူမှုရှိရှိဖြင့် ပြန်လည်ရုတ်သိမ်းလိမ့်မည်ဟု မျှော်လင့်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
