စစ်ကိုင်းတိုင်း၊ ကောလင်း၊ ကျွန်းလှနှင့် ကန့်ဘလူနယ်စပ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသဖြင့် အိမ်ပေါင်းတစ်ရာကျော်နှင့် စပါးတင်းပေါင်းထောင်ချီ မီးလောင်ဆုံးရှုံးခဲ့ရပြီး အကူအညီများလိုအပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်က ကောလင်းမြို့နယ်၊အောင်ချမ်းသာရွာအား သြဂုတ်လ ၂၄ ရက်နေ့ နံနက်၇ နာရီခွဲခန့်က မီးရှို့ဖျက်ဆီးခဲ့သည်။ အောင်ချမ်းသာရွာသည် အိမ်ခြေ၇၅ လုံးသာရှိပြီး အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ၇၃လုံးနှင့် စာသင်ကျောင်းခေါင်မိုး မီးလောင်ပျက်ဆီးခဲ့ကြောင်းသိရသည်။

ထို့အပြင် တောင်သူများ၏ စပါးတင်းပေါင်းထောင်ချီ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောသည်။
အလားတူကျွန်းလှမြို့နယ်၊ ကုန်းစည်းရွာကိုမူ သြဂုတ်လ ၂၆ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သည်။
စာကြည့်တိုက်တစ်လုံးအပါအဝင်ပြည်သူပိုင်နေအိမ်(၄၂)လုံး၊ အရှေ့ကုန်းစည်းရွာရှိ နေအိမ်(၁၇)လုံး ၊ စုစုပေါင်းနေအိမ်(၅၉)လုံး မီးလောင်ပျက်ဆီးခဲ့ရကြောင်း၊ထို့အပြင် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ စားနပ်ရိက္ခာနှင့် ကား၊ ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်တပ် မီးရှို့ပြီး၍ ပြန်ထွက်စဥ် ကုန်းစည်းရွာအနီး မြေပဲခင်းထဲတွေ့သော ကျေးရွာဒေသခံပြည်သူတစ်ဦးနှင့် အခြားရွာသားနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
အကြမ်းဖက်စစ်တပ်သည် ဩဂုတ် ၂၆ရက်တွင် တည်ပင်ဆိပ်ရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ဆုံးရှုံးမှုအခြေအနေမသိရသေးကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမီးရှိ့ဖျက်ဆီးမှုများကြောင့် ကန့်ဘလူ ၊ ကျွန်းလှနှင့် ကောလင်းနယ်စပ်ရှိ ကျေးရွာပေါင်း ၃၄ရွာမှ ဒေသခံ ပြည်သူ သုံးသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများလိုအပ်နေသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။
သြဂုတ်လ၂၃ရက်နေ့က ကောလင်း၊ ကျွန်းလှ၊ ကန့်ဘလူ သုံးမြို့နယ်အဆက်ရှိ အောင်ချမ်းသာရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်က အများအပြားသေဆုံးပြီး အရာရှိများ ဖမ်းဆီးခံရကာ လက်နက်ခဲယမ်းများစွာကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းဆည်းရရှိခဲ့သည်။ ထို့နောက် အကြမ်းဖက်စစ်တပ်က ကျေးရွာများအား မီးရှို့ဖျက်ဆီးအကြမ်းဖက်နေခြင်းဖြစ်သည်။
