စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ကြားရှိ ရေလယ်သောင်ရွာတွင် စခန်းချထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ဒေသတွင်း PDFများ ပူးပေါင်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း Nway Oo Takhon PDFအဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့(စက်တင်ဘာ ၁၃ ရက်) ည ၉ နာရီခွဲခန့်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့်မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ကြားရှိ ရေလယ်သောင်ရွာတွင် စခန်းချနေထိုင်လျက်ရှိသော စစ်ကောင်စီတပ်နှင့် ပျူများအား မဟာမိတ်ညီနောင်များနှင့်အတူ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Nway Oo Takhon PDFအဖွဲ့က ပြောသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်မှုရှိခဲ့ကြောင်း၊ မဟာမိတ်အဖွဲ့များဘက်က ထိခိုက်မှုမရှိကြောင်း သိရသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ Nway Oo Takhon PDFအဖွဲ့ တာဝန်ရှိသူက “ကင်းပုန်းဝပ်နေတဲ့ပျူတွေကိုဝင်ပစ်တာပါ။ သူတို့ဘက်ကလည်း အင်အားအများအပြားနဲ့ ပြန်ပစ်လို့ ဆုတ်ခွာခဲ့ရပါတယ်။ သူတို့ဘက်က နှစ်ဦးသေပြီး တစ်ဦးဒဏ်ရာရတယ်။”ဟု ပြောကြားသည်။

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား Nway Oo Takhon PDF ၊ Zamani Revolution force (MMU)Myaung၊ Zamani တပ်ခွဲပြည်သူစစ်သား၊ Leopard MMU၊ ဇင်ယော်နီပြောက်ကျားတပ်ဖွဲ့၊မီးနဂါး NZH Revolution Force၊Myit Nge People Defence Force အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။
ငါန်းဇွန်မြို့နယ်သည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် ဧရာမြစ်တစ်ဖက်ခြမ်းစီတွင် တည်ရှိပြီး တောင်ဘက်တွင် မြင်းခြံမြို့နယ်တည်ရှိသည်။ ယခုလပိုင်းအတွင်း ငါန်းဇွန်မြို့နယ်သည်လည်း စစ်ကောင်စီတပ်ကိုခုခံတော်လှန်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်လာခဲ့သည်။


















































