ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြ၀တီ – ဝေါ်လေလမ်းအနီး ဒေသများသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ယမန်နေ့ (စက်တင်ဘာ ၁၅ရက်)ကစ၍ ရင်ဆိုင်တိုက်ပွဲ ထပ်မံဖြစ်ပွားနေကြောင်း ကော်ဘရာစစ် ကြောင်းက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ တပ်မ (၄၄) လက်အောက်ခံ နည်းဗျူဟာ (၃)၏ ကွပ်ကဲမှုဖြင့် ခမရ (၃)၊ ခမရ (၉)၊ ခမရ (၁၀၄)တပ်ရင်း သုံးရင်းဖြင့် မြဝတီ – ဝေါ်လေ လမ်းမကြီးဆုံဆည်းမြိုင်ကျေးရွာဘက် မှ သေ့ဘော့ဘိုးရွာအနီးသို့ ကျုးကျော်ရန် ကြိုးစား နေ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ပွဲအတွင်း ကော်ဘရာစစ်သည်များ ထိခိုက်ကျဆုံးမရှိဘဲ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ သေ့ဘော့ဘိုးဒေသခံတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။
ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံနည်းဗျူဟာ (၁) ၏ ကွပ်ကဲမှုဖြင့် ခမရ (၁) ၊ ခမရ (၂) ခမရ (၈) ၊ ခမရ (၁၀၂) စသည့် တပ်ရင်း (၄)ရင်းသည်လည်း မြဝတီ – ဝေါ်လေကားလမ်းမပေါ်ရှိ မြွေသုံးကောင် ဘုရားအနီးတွင် ကျူးကျော်အခြေပြုကာ ထိုးစစ်ဆင်လာရာ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း (၂၇)၊ ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ နှင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်ဟု ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် စက်တင်ဘာ ၁၄ရက် ညပိုင်းနှင့် စက်တင်ဘာ ၁၅ရက် နေ့လည်ပိုင်း၌ လက်နက်ကြီးများပစ်ခတ်ပြီး ထိုးစစ်ဆင်ရန် ကြိုးစားလာနေကြောင်း ဖော်ပြထားသည်။
လုံခြုံရေး တာဝန်ယူထားသော ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တပ်ရင်း (၂၇)၊ ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ ဘက်မှ တော်လှန်ရေး စစ်သည်တော်များ ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း အသိပေးထားပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံး၊ ထိခိုက်မှုအား အတည်ပြုနိုင်ရန် စုံစမ်းလျက်ရှိကြောင်း ထုတ်ပြန်သည်။
