ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင်များအဖြစ် နိုင်ငံတော်သမ္မတဦး၀င်းမြင့်၊ နိုင်ငံခြားရေး၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ကို ၎င်းတို့၏ အမည်စာရင်းစာအုပ်(Blue Book)၌ ဆက်လက်အသိအမှတ်ပြုဖော်ပြထားကြောင်း မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် တရားမ၀င်စစ်အာဏာသိမ်းမှု ၁၉ လ ရောက်ရှိလာချိန်အထိ မင်းအောင်လှိုင်ခေါင်းဆောင်သော စစ်ကောင်စီသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာသံတမန်ဆက်ဆံရေးတွင် အသိအမှတ်ပြုမခံရသေးဘဲ ဒီမိုကရေစီနည်းကျရွေးကောက်ခံ အရပ်သားအစိုးရကိုသာ ကုလသမဂ္ဂနှင့် နိုင်ငံတကာက လက်ခံထားခြင်းဖြစ်သည်။
“ကုလသမဂ္ဂမှာ ကျွန်တော်တို့ အခေါ် Blue Book ရှိတယ်ပေါ့။ ကုလသမဂ္ဂ Blue Book မှာ သက်ဆိုင်ရာ အဖွဲ့၀င်နိုင်ငံတွေရဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ခေါင်းဆောင်တွေ၊ နိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အမည်ကို အမြဲတမ်းဖော်ပြလေ့ရှိတယ်။ အမြဲတမ်းကိုယ်စားလှယ်(သံအမတ်ကြီး)အမည်ပါ အပါ။ အခု ကုလသမဂ္ဂ Blue Book ထဲမှာတော့ သမ္မတအနေနဲ့ သမ္မတကြီး ဦးဝင်းမြင့်ရှိတယ်၊ နိုင်ငံခြားရေး၀န်ကြီးအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရှိတယ်။ ဒါကြောင့် ဒီနာမည်တွေတော့ ဆက်ရှိနေတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက People’s Spring နှင့် သီးသန့်မေးမြန်းခန်းတွင် ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ အဆိုပါ နိုင်ငံ့ခေါင်းဆောင်အမည်စာရင်းကို မင်းအောင်လှိုင် ဦးဆောင်သော ၎င်း၏အစိုးရအဖွဲ့ အမည်ကို ပြောင်းလဲရန် တိုက်ရိုက်စာပို့ခဲ့သော်လည်း အတွင်းရေးမှူးချုပ်က ၎င်းတို့ကို အသိအမှတ်မပြု၍ စစ်ကောင်စီ၏တောင်းဆိုချက်ကို အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပေ။

Public Service Announcement
“ဘယ်လိုပဲ စကစကနေ အကြောင်းကြားသည်ဖြစ်စေ အတွင်းရေး မှူးချုပ်ကိုယ်တိုင်လည်း စစ်တပ်အာဏာသိမ်းမှု ကနဦးပိုင်းမှာ ပြောထားတာရှိတယ်။ ဒီခေတ်ကြီးမှာ စစ်အာဏာသိမ်းမှုကို လုံး၀လက်မခံဘူး။ စစ်အာဏာသိမ်းမှုဟာ ဘယ်တော့မှ မအောင်မြင်ရဘူးဆိုတာ ပြောထားတဲ့အတွက် ဒါတွေဟာ ကျွန်တော်တို့အတွက် အရမ်းအားဖြစ်စေပါတယ်ဆိုတာကို ဖြည့်စွက်ပြောကြားလိုပါတယ်ဗျ” ဟု ဦးကျော်မိုးထွန်းက ဆိုသည်။
မြန်မာပြည်သူလူထု ရွေးချယ်တင်မြှောက်ထားသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရကို ကုလသမဂ္ဂသာမက အမေရိကန်၊ ကနေဒါ၊ ဗြိတိန် နှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့ကလည်း ဆက်လက်အသိအမှတ်ပြုထားပြီး အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြုခြင်း၊ သံတမန်အဆင့်လျှော့ချဆက်ဆံခြင်း များ လုပ်ဆောင်ထားသည်။


















































