Connect with us

Hi, what are you looking for?

သတင်း

သပိတ်တောင်ရခိုင်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ မူဆလင်ရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေးငယ်နှင့် အမျိုးသမီးတစ်ဦးဒဏ်ရာရ

စက်တင်ဘာ ၂၃ရက် နေ့လည်ပိုင်းက သပိတ် တောင် မူဆလင်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ် ပြီး ဒေသခံ ၁၀ဦးခန့်ကို ဖမ်းသွားသည်ဟု ဆိုသည်။

(ဘူးသီးတောင်မြို့နယ် သပိတ်တောင် ရခိုင်ရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ညပိုင်း၌ မီးရှို့ဖျက်ဆီးနေစဉ်၊ဓာတ်ပုံ - Arakan Perincess Media)
(ဘူးသီးတောင်မြို့နယ် သပိတ်တောင် ရခိုင်ရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ညပိုင်း၌ မီးရှို့ဖျက်ဆီးနေစဉ်၊ဓာတ်ပုံ - Arakan Perincess Media)

▪️မောင်တောနယ် ကြိမ်ချောင်းအထက်ပိုင်းကို လေကြောင်းတိုက်ခိုက်မည်ဖြစ်၍ ဒေသခံများ ယနေ့ဖယ်ရှားရန် စစ်ကောင်စီခြိမ်းခြောက်

▪️မောင်တောမြောက်ပိုင်းကို ယမန်နေ့ညက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သပိတ် တောင် ရခိုင်ရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ညပိုင်း၌ မီးရှို့ခဲ့ပြီး ယမန်နေ့ နေ့လည်ပိုင်းတွင် သပိတ်တောင်မူဆလင်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရခဲ့သည်ဟု ရွာခံများအား ကိုးကားပြီး ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

“မီးရှို့တာက ဘူးသီးတောင် တောင်ပိုင်း။ ဘူးသီးတောင်ကနေ ရသေ့တောင်ဘက်သွားတဲ့ မယူ တောင်အရှေ့ဘက် ကားလမ်းဘေးမှာရှိတဲ့ရွာ။ တကယ်ဆို အဲဒီရွာက နတလ ရွာလို့ ပြောလို့ရတယ်။ NLD အစိုးရလက်ထက်က ပြန်ပြီးတော့ နေအိမ်တွေ ဆောက်ပေးထားတဲ့နေရာ သပိတ် တောင်ဆိုတာ။ အဲဒီမှာက ရခိုင်ရွာရှိတယ် မူဆလင်ရွာရှိတယ်။ အခုမီးတိုက်ခံရတာက ရခိုင်ရွာမီးတိုက်ခံရတာ။ ဘယ်လောက်ပါသွားတယ်ဆိုတာ မသိဘူး။ ရွာသားတွေက ထွက်ပြေးတာကြာပြီ။ အခုက အသက်ကြီးတွေနဲ့ ဘုန်းကြီးတွေနဲ့ ရွာသားတွေနည်းနည်းပါးပါးပဲ ကျန်တယ်ပြောတယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

(ဘူးသီးတောင်မြို့နယ် သပိတ်တောင် ရခိုင်ရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ညပိုင်း၌ မီးရှို့ဖျက်ဆီးနေစဉ်၊ဓာတ်ပုံ - Arakan Perincess Media)
(ဘူးသီးတောင်မြို့နယ် သပိတ်တောင် ရခိုင်ရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ညပိုင်း၌ မီးရှို့ဖျက်ဆီးနေစဉ်၊ဓာတ်ပုံ – Arakan Perincess Media)

အဆိုပါဒေသ၌ AA စစ်ရေးလှုပ်ရှားမှုရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

“အဲဒီနေရာနဲ့အနီးဆုံးနေရာ ရှိတာက နခခ(၈)ရှိတယ်။ အဲဒီ နခခ(၈)က ဘူးသီးတောင် ဂူတာပြင်လေ ၂၀၁၇ တုန်းက ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် မြှုပ်ထားတဲ့ဟာကို AP သတင်းဌာနက ဖော်ထုတ်ပြီးရေးတာ အများကြီး တွေ့ရတယ်ဆိုတာ ။အဲဒီအနီးမှာ AA လှုပ်ရှားမှု တွေ့လို့ သူတို့ က လက်နက်ကြီး ပစ်ခတ်မှုတွေလုပ်နေတယ်လို့ တချို့က ပြောတယ်။ သူတို့ အဲဒီ နခခ (၈) ကို ဝင်တိုက်ခံရမှာစိုးပြီး အဲဒီ အနီးဆုံးမှာရှိတဲ့ ရခိုင်ရွာကို သူတို့က ဖျက်ဆီးလိုက်တာ ထင်တယ်” ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၃ရက် နေ့လည်ပိုင်းက သပိတ် တောင် မူဆလင်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ် ပြီး ဒေသခံ ၁၀ဦးခန့်ကို ဖမ်းသွားသည်ဟု ဆိုသည်။

“မနေ့က နေ့လည်လောက်ကမူဆလင်ရွာမှာတော့ လက်နက်ကြီးကျပြီး ကလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ဒဏ်ရာရသွားတယ် ။အဲဒီက မူဆလင် ၁၀ယောက်ကိုလည်း AAနဲ့ ဆက်စပ်မှုနဲ့ ဖမ်းထားတယ်လို့ပြောတယ် ရွာသားတွေက။ မီးရှို့ခံရတာက ရခိုင်ရွာ”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် မောင်တောမြောက်ပိုင်းရှိ ဒေသခံများကို ယနေ့ စက်တင်ဘာ ၂၄ရက်မှစ၍ ဒေသတွင်းမှ ဖယ်ပေးရန် ခြိမ်းခြောက်ပြောဆိုနေသကဲ့သို့ ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ရှောင်များကို နေရပ်ပြန်ရန် ဖိအားပေးလျက်ရှိသည်ဟု ဆိုသည်။

“ မောင်တော မြောက်ပိုင်း ကြိမ်ချောင်း အထက်ပိုင်းမှာရှိတဲ့ ရခိုင်ရွာတွေကို အဲဒီမှာ ရှိတဲ့ ဒေသခံ ပြည်သူတွေကို ဒီနေ့ အကုန်လုံးရွှေ့ပြောင်းခိုင်းတယ်တဲ့။ အဲဒီ အနီးတဝိုက်မှာ ရှိတဲ့ စခန်းအသေးလေးတွေ အထိုင်စခန်းတွေကိုလည်း အကုန်လုံး ရုပ်သိမ်းလိုက်တယ်လို့ ပြောတယ်။ အဲဒီအနီးတဝိုက်မှာ AAက အင်အားအလုံးအရင်းနဲ့ လှုပ်ရှားနေတာလုပ်တဲ့အတွက် သူတို့က အဲဒီ အနီးတဝိုက်ကို အကုန်လုံးရှင်းလင်းရေး လုပ်မယ် လေယာဉ်နဲ့ ဗုံးကြဲမယ်လို့ ပြောတယ်တဲ့။ မနေ့ညကတောင် အဲဒီမှာ လေယာဉ် ၃စင်းနဲ့ ဗုံးလာကြဲတာရှိတယ်” ဟု ရခိုင်ဒေသခံက ပြောသည်။

စက်တင်ဘာ ၂၃ရက်တွင် ဘူးသီးတောင်ရှိ ဌာနဆိုင်ရာ ၉ခုမှ စစ်ကောင်စီလက်ပါးစေ ဝန်ထမ်းများ က ဘူးသီးတောင် မြို့ပေါ်ရှိ စစ်ရှောင်များ သတင်းကျွတ်ပါက အားလုံးနေရပ်ပြန်ရမည်ဟု ပြောဆိုလာသည်ဟုဆိုသည်။

“ ဒီမှာ စစ်ဘေးရှောင်စခန်းတွေ မထားတော့ဘူး ဆိုပြီး လာပြီး ဖိအားပေး ပြောဆိုတာ ရှိတာပေါ့။ အဲဒီလို ပြန်ခိုင်းတဲ့ နေရာတွေအားလုံးက ရွာတောင်မရှိတော့ဘူးလေ။ တိုက်ပွဲကာလတုန်းက မီးရှို့ဖျက်ဆီးလိုက်တာ”ဟု ရခိုင်ဒေသခံက ပြော သည်။

စစ်ကောင်စီတပ်အနေဖြင့် AAနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီး ၎င်းတို့တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရခြင်း၊ တိုက်ပွဲ၌ ထိခိုက်သေဆုံးမှုများပြားနေခြင်းတို့ ကြုံရပြီးနောက် ရခိုင်ပြည်သူလူထုများအား ဖမ်းဆီးမှုများ၊ ဖိနှိပ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

“ကျောက်တော်မှာလည်း လက်နက်ကြီးနဲ့ ပစ်လို့ တည်းခိုခန်းမှာ ကျပြီးတော့ တည်းခိုနေတဲ့ တစ်ယောက်ဒဏ်ရာရသွားတယ်။ခြုံပြီးပြောရရင် စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ အများကြီး လုပ်တာတွေ့ရတယ်။ အဓိကတော့ AAရှိတဲ့ တောတွေဖက်မဟုတ်ဘဲ လူနေကျေးရွာတွေ ရပ်ကွက်တွေနဲ့ မြို့ပေါ်တွေ ပိုပြီး လှုပ်ရှားလာတာ တွေ့ရတယ်။နောက်တစ်ခုက ဒီရက်ပိုင်း ရခိုင်မှာ အဖမ်းအဆီးတွေလည်း အများကြီးတွေ့ရတယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

AA ကလည်း ရခိုင်ဒေသအနှံ့ စစ်ရေးအရှိန်မြင့် လာနိုင်ပြီး တိုက်ပွဲများ ပြင်းထန်လာနိုင်၍ ဒေသခံ ပြည်သူများ သတိဖြင့်နေထိုင်သွားလာကြရန် သတိပေးမှုများ ပြုလုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။