ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် အတွင်းရှိ စစ်ကောင်စီ၏ ခေါပုပ်စခန်းနှင့် မဲဝိုင်စခန်းအား ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု KNU တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။
ခေါပုပ်စခန်းအား ယမန်နေ့ နံနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နေ့လည်ပိုင်းတွင် မဲဝိုင်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့ပြီး တပ်မဟာ(၅) ရဲဘော်များ ထိခိုက်မှုမရှိဟု အသိပေးထားသည်။
စက်တင်ဘာ ၂၇ရက်ကလည်း ဖာပွန်ခရိုင် လူသောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။
တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်တို့သည် ဖာပွန်ခရိုင် အတွင်း နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး KNU တပ်မဟာ (၅)ရဲဘော်များ၏ ခြုံခိုတိုက်ခိုက်မှုများကြောင့်စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

Public Service Announcement


















































