AA ရဲဘော်တစ်ဦးကျဆုံးပြီး အထိအခိုက်အနည်းဆုံးဖြင့်အချိန်တိုအတွင်း စခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ဟု ထုတ်ပြန်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့နံနက် အစောပိုင်းကတိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။
မောင်တောမြို့နယ် လိပ်ရ နယ်ခြားစောင့်တပ်စခန်းသည် ပြည်သူများကို လက်နက်ကြီးများဖြင့် ခြိမ်းခြောက်အနိုင်ကျင့်နေသည်သာမက မြို့၊ ရွာ၊ ပြည်သူလူထုကို ပြန်ပေးဆွဲထားသည့်နှယ် အနိုင်ကျင့် နေသော တပ်စခန်းဖြစ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းစခန်း၌ နယ်ခြားစောင့်ရဲများနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များပါ ပူးတွဲနေထိုင်ကြပြီး လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်သည့် စခန်းများအနက်မှ တစ်ခုဖြစ်သည်ဟုလည်း ဖော်ပြသည်။

စခန်းသိမ်းတိုက်ပွဲသည် ၁နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ ရန်သူသည် လက်နက်ကြီးပစ်ကူများအား နေရာအနှံ့မှ ပစ်ကူပေးသည့်ကြားမှ ထိုးစစ် ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ရန်သူ့စစ်သုံပန်း သုံး ဦး၊ ရန်သူ့အလောင်းအချို၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။ အာရက္ခစစ်သည်တော်တစ်ဦး ကျဆုံးခဲ့ပြီး ယခုတိုက်ပွဲသည် အချိန်တိုတိုအတွင်း မိမိတို့ဖက်မှ အထိအခိုက်အနည်းဆုံးဖြင့် သိမ်းပိုက်ရရှိခဲ့သောစခန်းသိမ်းတိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

ရက္ခိုင်ဒေသအတွင်း၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးများကို နေ့၊ ညအချိန်မရွေးပစ်ခတ် တိုက်ခိုက်နေသောကြောင့် အပြစ်မဲ့ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများ၊ လူနေအိမ်များ လက်နက်ကြီးထိမှန်၍ ပျက်စီးမှုများမှာ ဆက်တိုက်ရှိနေခဲ့ကြောင်း AAက ထုတ်ပြန်သည်။
AA အနေဖြင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် နှင့် ချင်းပြည်နယ် ပလက်၀မှ စစ်ကောင်စီ တပ်စခန်းများ၊ နယ်ခြားစောင့် စခန်းများကိုတိုက်ခိုက် သိမ်းပိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ဩဂုတ်လလယ်မှ ယခုအချိန်ထိ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။


















































