စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ကလေးငယ်အပါအဝင် အရပ်သား နှစ်ဦးဒဏ်ရာရ၊ ရှားတောမြို့ ပြာကျအောင်လုပ်မည်ဟု စစ်ကောင်စီဗျူဟာမှူး ခြိမ်းခြောက်ဟုဆို
ကရင်နီ(ကယား)ပြည်နယ် ရှားတောမြို့နယ်ရှိ စစ်ကောင်စီဗျူဟာကုန်းနှင့် ခလရ(၄၂၈)တပ်သို့ ရိက္ခာပို့လာသည့် ရဟတ်ယာဉ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) လက်အောက်ခံတပ် ကရင်နီတပ်မတော်(KA)က သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၁၉ရက် မွန်းလွဲပိုင်း၌ ရိက္ခာနှင့် လက်နက်လာပို့သည့် ရဟတ်ယာဉ်ကို KAနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၁၇) တို့မှ အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။ ရဟတ်ယာဉ် မြေပြင်၌ ဆင်းသက်စဉ် တိုက်ခိုက်ခြင်းသို့မဟုတ် လေပေါ်ပျံနေချိန်တိုက်ခိုက်ခြင်းစသည့် အသေးစိတ် အခြေအနေကို ဖော်ပြမထားပေ။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း နှင့် ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက် ၁၅နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၅၀ ကျော် အရပ်သား တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟု KAက ထုတ်ပြန်သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီဗျူဟာမှူးက ရှားတောမြို့ပေါ် အုပ်ချုပ်ရေးမှူးများကို ခေါ်ယူတွေ့ဆုံပြီး ထိုနည်းတူပစ်ခတ်မှု ထပ်မံဖြစ် ပွားပါက ရှားတောမြို့တစ်မြို့လုံး ပြာကျသွားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများကို ပစ်မှတ်ထား တုန့်ပြန်ခြင်းသည် လူစိတ်မရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ကယားဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။
” ဒီမှာ ကျွန်တော်တို့အပါအဝင် လူအများစုမြင် တာက သူတို့ (စစ်ကောင်စီ)လုပ်လိုက်ရင် လူထုနာမယ်။ လူထုနာရင်မလုပ်တော့ဘူး သူတို့ သက်သာမယ် သူတို့ အနိုင်ရမယ်လို့ အခုအချိန်ထိ တွက်တုန်း။ လူထု သဘောထားက အခုလို ဖြစ်လေ စိတ်နာလေ။ သူတို့အတွက် သတင်းမရလေ သူတို့ အကျအဆုံးများလေ။ သူတို့ မြန်မြန်ရှုံးဖို့မြန်လေပဲ။”ဟု ကယား(ကရင်နီ)ဒေသခံက ပြောသည်။
ယခု ပစ်ခတ်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တာဝန်ရှိသူ အချို့ထံ ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။
ရှားတောမြို့သည် ဆက်သွယ်သွားလာရေးခက်ခဲသည့် ဒေသ၌တည်ရှိသည်။ လွိုင်ကော်မှ ရှားတောသို့လာသည့် လမ်းကြောင်းများကို ကရင်နီတပ်မတော် နှင့်KNDF တပ်ရင်း (၁၇)တို့က လအတန်ကြာ လမ်းကြောင်း ပိတ်ဆို့ခြင်း၊ တပ်စခန်းများကို မကြာခဏ နှောက်ယှက်တိုက်ခိုက်ခြင်း၊ ရိက္ခာ လမ်းကြောင်းများကို ဖျက်ဆီးခြင်း လုပ်ဆောင်နိုင်ခဲ့ကြောင်း ကရင်နီတပ်မတော်က ထုတ်ပြန်ထားသည်။