စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ယမန်နေ့ညက ရှိမ်းမကားနယ်မြေရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မိသားစုဝင်လေးဦး ထိမှန်ခဲ့ပြီး ကလေးမိခင်တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့(နိုဝင်ဘာ ၇ ရက်) တန်ဆောင်မုန်းလပြည့် ည ၈နာရီခန့်က ဝက်လက်မြို့နယ် ရှိမ်းမကားကျေးရွာ ရဲစခန်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။


ထိုသို့ပစ်ခတ်မှုကြောင့် ကျေးရွာနေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပြီး အဘွားဖြစ်သူမှာ ခါးထိမှန်ဒဏ်ရာရခဲ့ကြောင်း၊ အဆိုပါ နေအိမ်ရှိ လင်မယားနှစ်ဦး၊ ၎င်းတို့၏ (၂)နှစ်ရွယ် သမီးတစ်ဦးလည်း ထိမှန်ခဲ့ကာ ကလေးမိခင်မှာသေဆုံးခဲ့ပြီး အမျိုးသားနှင့် ကလေးငယ်မှာ စိုးရိမ်ရကြောင်း Wetlet Information Network အဖွဲ့ တာဝန်ခံနှင့် ဒေသခံများက ပြောသည်။

“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ပစ်တာပါ။မိသားစု ၅ယောက်ရှိတာက ၄ယောက် ထိမှန်ခဲ့ပါတယ်။အသက် ၅၀ကျော် မိခင်ကြီး ခါးကို လက်နက်ကြီး ထိမှန်တယ်။ အသက် ၄၀ခန့် အမျိုးသားက ဘယ်ဘက် လက်ရယ်၊ခါးရယ်၊ ခြေထောက်တွေ လက်နက် အစတွေမှန်ပါတယ်။အသက်(၃၇)ခန့် အမျိုးသမီးက လက်နက်ကြီးထိပြီး နေရာမှာ ဆုံးသွားပါတယ်။ အသက် (၂)နစ်ရွယ်ကလေးက ဦးခေါင်းရယ်၊ပေါင်ရယ် မှန်ပါတယ်”ဟု Wetlet Information Network အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement
ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည်ပိတောက်ခြုံကျေးရွာကို မီးရှို့ဖျက်ဆီးနေပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်းကျေးရွာများအား ဝင်ရောက်မွှေနှောက်နေကြောင်း ဒေသခံများက ပြောသည်။


















































