စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်း၊ ရေဦးဆန်ဆိုင်ဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားနေ၍ ဖြတ်သန်းသွားလာမှု ခေတ္တရပ်ဆိုင်းထားရန် မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး(ပ.က.ဖ)အဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။
ယနေ့ (ဒီဇင်ဘာ ၅ရက်)နံနက် ၁၀နာရီ ၂၆ မိနစ်ခန့်ကစ၍ မုံရွာ – မန္တလေးလမ်းပေါ်၊ ရေဦးဆန်ဆိုင်ဂိတ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားနေသောကြောင့် ပြည်သူများအနေဖြင့် မုံရွာဘိုးဘွားရိပ်သာအဝိုင်းပတ်မှ မအူစစ်ဆေးရေးဂိတ်အထိ လမ်းမကြီးတစ်လျှောက် သွားလာအသုံးပြုခြင်းများ မပြုလုပ်ရန် မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး(ပ.က.ဖ)က သတိပေးသည်။

“ခုထိပစ်နေကြတုန်းပဲ။ အသွားလာ ဆင်ခြင်ပေးကြပါ။”ဟု မုံရွာနယ်ခံတစ်ဦးက ပြောသည်။
ပစ်ခတ်မှုဖြစ်စဥ်နှင့်ပတ်သက်ပြီး ထပ်မံစုံစမ်းနေပြီး အသေးစိတ်အခြေအနေ မသိရသေးပေ။
မုံရွာတောင်ပိုင်း မုံရွာမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များအား ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏ တိုက်ခိုက်လေ့ရှိသည်။
