ကရင်နီပြည်နယ် ဖရူဆိုမြို့တွင်းတိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သော ရဲဘော်ဂျေရိုမ်း အဆိုပါဒဏ်ရာဖြင့်ကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၄)က ယနေ့(ဒီဇင်ဘာ ၈ ရက်)ထုတ်ပြန်သည်။
“နယ်မြေရှင်း တိုက်ပွဲဖြစ်ရင်းနဲ့ မိုင်းနင်းမိတဲ့ဒဏ်ရာကြောင့် ကျဆုံးခဲ့ရတာ”ဟု KNDFတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်နေသည့် ကာလတစ်လျှောက် KNDF တပ်ရင်း (၄)၏ ပထမဆုံးကျဆုံးခဲ့ရသော ရဲဘော်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ရဲဘော်ဂျေရိုမ်း ဒဏ်ရာရကျဆုံးခဲ့ရသည့် တိုက်ပွဲမှာ ဒီဇင်ဘာ ၄ ရက်က ဖရူဆိုမြို့တွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

စစ်အာဏာရှင်ကိုတော်လှန်ရင်း မြင့်မြတ်စွာကျဆုံးခဲ့သော ရဲဘော် ဂျေရိုမ်းအား ကရင်နီအမျိုး သားများကာကွယ်ရေးတပ် တပ်ရင်း(၄)မှ အာဇာနည်သူရဲကောင်း တစ်ဦးအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်မှုများနေသော ဒီးမော့ဆိုမြို့နယ်တိုက်ပွဲတွင်လည်း ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းလည်း KNDF တပ်ရင်း(၆)က သီး ခြားထုတ်ပြန်ထားသည်။
