Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ် အင်အားနှင့်စွမ်းရည် ချိနဲ့နေပြီး ​ရေရှည်ခံရန်မျှော်လင့်ချက်မရှိသလောက်ဖြစ်သွားပြီဟုဗိုလ်ချုပ်​ကြီးဂွန်မော်ပြော

စစ်ကောင်စီတပ်၏ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာပါက ခုခံကာကွယ်ရန်အပါအဝင် စစ်ရေးအရ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြောင်းလည်း ဗိုလ်ချုပ်ကြီးဂွန်မော်က ပြောသည်။

(ဗိုလ်ချုပ်ဂွန်​မော်။ ဓါတ်ပုံ-AFP)
(ဗိုလ်ချုပ်ဂွန်​မော်။ ဓါတ်ပုံ-AFP)

▪︎စစ်ရေးအစီအစဉ်များ စဉ်းစားထားသကဲ့သို့ ပြင်းထန်စွာတုံ့ပြန်လာနိုင်မှု အပေါ် စိတ်ဓာတ်ရေးရာအရ ပြင်ဆင်မှု အပြည့်ရှိဟု အသိပေး

▪︎NUG၊ CRPH နှင့် ကချင်တစ်မျိုးသားလုံး ယုံကြည်မှုအားကောင်းစွာ နားလည်မှု အပြည့် ပူးပေါင်းနေဟုပြော

စစ်ကောင်စီတပ်၏ အင်အားနှင့် စွမ်းရည် နှစ်ခုစလုံးချိနဲ့နေသကဲ့သို့ စစ်ကောင်စီ ခေါင်းဆောင်မင်း အောင်လှိုင်အနေဖြင့်လည်း ဂစ်တာကြိုးမညှိဘဲ ဂစ်တာတီးနေပုံရသည်ဟု သက်သက်ညှာညှာ ဥပမာပေးဝေဖန်လိုကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောသည်။

RFA သတင်းဌာနှင့် အမေးအဖြေကဏ္ဍ၌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က KIOနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့အကြား ပူးပေါင်းဆောင်ရွက်မှု၊ KIAက ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်များအား စစ်သင်တန်းပို့ချမှု၊ စစ်ကောင်စီတပ်၏ အခြေအနေ၊ စစ်ကောင်စီတပ်၏ လူမဆန်သည့် လုပ်ဆောင်ချက်များ နှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်အမြင်များ ပြောကြားခဲ့သည်။

“စစ်ကောင်စီတပ်ရဲ့ အင်အားနဲ့ စွမ်းရည်ကတော့ နှစ်ခုစလုံးချိနဲ့နေပြီလို့ ကျနော်တို့ ဒီလိုပဲမြင်တယ်။ နောက်ထပ်အင်အားတိုးလာစရာလည်းမရှိတော့ဘူး။ ရှိပြီးသားအင်အားတွေကလည်းချိနဲ့နေပြီ။ စိတ်ဓာတ်ရေးရာအရရော လုပ်ဆောင်ချက်တွေရောအကုန်လုံးချိနဲ့နေပြီလို့ မြင်တယ်။ ရေရှည်ခံဖို့ဆိုတာ သူတို့ သူတို့အတွက် မျှော်လင့်ချက် မရှိသလောက်ဖြစ်သွားပါပြီ” ဟု ဗိုလ်ချုပ်ကြီးဂွန်မော်က ပြောသည်။

စစ်ကောင်စီတပ်၏ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာပါက ခုခံကာကွယ်ရန်အပါအဝင် စစ်ရေးအရ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြောင်းလည်း ဗိုလ်ချုပ်ကြီးဂွန်မော်က ပြောသည်။

Public Service Announcement

Public Service Announcement

“ပြင်းပြင်းထန်ထန်တိုက်လို့ရှိရင် ပြင်းပြင်းထန်ထန် ခုခံကာကွယ်မယ်ဆိုတဲ့အနေအထားကို ရောက်သွား မှာဖြစ်ပါတယ်။ပြီးလို့ရှိရင် ဘက်တစ်ဖက်က ပြင်းပြင်းထန်ထန်လုပ်ရင် ပြန်ပြီး တုံ့ပြန်မှုကလည်း ပြင်းပြင်းထန်ထန်ဖြစ်မှာပါ။ ဒါကျနော်တို့ကတော့ အစီအစဉ်တွေစဉ်းစားထားတာ ရှိသလို စိတ်ဓာတ်ရေးအရလည်း ပြင်ဆင်မှု အပြည့်ရှိတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းချက်ကို ဗိုလ်ချုပ်ကြီးဂွန်မော်က ပြန်လည်ဖြေဆိုရာ၌ ပူးပေါင်းဆောင်ရွက်မှုများက ယုံယုံကြည်ကြည် အားကောင်းကောင်းနှင့် ပူးပေါင်းနေသည်ဟု ပြောကြားသည်။

“အဓိကတော့ ကျနော်တို့ KIO လို့တောင်မဟုတ်တော့ဘူး ကျနော်တို့က ကချင် တမျိုးသားလုံးကနေပြီးမှ CRPH နဲ့ NUGနဲ့ နားလည်မှု အပြည့်နဲ့ ပူးပေါင်းတာဖြစ်တယ်။

စစ်ရေးမှာကတော့ KIAက NUG ရဲ့ MODနဲ့ ကျနော်တို့က C3C လို့ခေါ်တဲ့ အစုအဖွဲ့မှာ ကျနော်တို့က အစစအရာရာ တိုင်ပင်ပြီးတော့ စစ်အာဏာရှင်စနစ်ကိုဘယ်လိုချုပ်ငြိမ်းအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့အပိုင်းကို စဉ်ဆက်မပြတ် ကျနော်တို့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

အဲဒီတော့ တကယ် ပူးပေါင်းဆောင်ရွက်မှုတွေမှာ ကျေနပ်တယ်။ ပြီးလို့ရှိရင် စဉ်ဆက်မပြတ် ကျနော်တို့ ကြိုးစားနေတယ်လို့ သတင်းစကားပါးချင်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးဂွန်မော်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်များအား KIA က တိုက်ရိုက် အခြေခံစစ်သင်တန်း ပေးခဲ့ရာ စုစုပေါင်း သင်တန်းသား​လေးထောင်ကျော်ရှိသည်ဟု ၎င်းက ဆက်​ပြောသည်။

“ဒါကတော့ ပထမ ပိုင်းမှာ ကျနော်တို့ MOD( အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန) အနေနဲ့ အဆင်သင့်မဖြစ်သေးတဲ့ အချိန်မှာ အခြေခံစစ်သင်တန်းတွေကို ကျနော်တို့ KIAကနေပြီးမှ တာဝန်ယူပြီးပေးတာဖြစ်ပါတယ်။အဲဒီနောက်မှာ ဆင့်ပွားသင်တန်းတွေကိုတော့ NUG ၊ MOD က သူတို့အစီအစဉ်နဲ့ သူတို့လုပ်နေတယ်။ ကျနော်တို့ KIAက တော့ ဒီဆင့်ပွား သင်တန်းတွေကို အဓီက မလုပ်တော့ဘဲနဲ့ အခြား မွမ်းမံသင်တန်းများနဲ့ အခြားအထူးလေ့ကျင့်ပေးရမယ့် သင်တန်းများ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ရေးများကို ဆက်ပြီးလုပ်ဆောင်နေတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောသည်။

လူငယ်များသည် ရဲရင့်သည့် ဆုံးဖြတ်ချက်များချနိုင်သကဲ့သို့ သတ္တိရှိပြီးတီထွင်စွမ်းအား ကောင်းမွန်ကြောင်း၎င်းက မှတ်ချက်ပြုသည်။

“စိတ်ဓာတ်လည်းပြင်းထန်တယ်။ အရေးကြီးတာကတော့ မိမိတို့ လျှောက်ရမယ့် အနာဂတ်ကို ရှာဖွေတွေ့ရှိထားပြီးသားဖြစ်တယ်လို့မြင်တယ်။ တစ်ချက်ပဲ ပြောရမှာကတော့ ကျနော်တို့ ဒီလိုပြည့်စုံ နေတဲ့ လူငယ်တွေ တော်လှန်ရေးအင်အားတွေ အားလုံးက စုစည်းညီညွတ်ဖို့ အတွက်နဲ့ စနစ်တကျ သွားဖို့ပဲလိုပါတယ်။ အဓိက အရေးကြီးဆုံးက ကျနော်တို့ အနာဂတ်ကို ဘယ်လိုသွားမလဲဆိုတာကို လူငယ်တွေရော တော်လှန်ရေးသမားတွေ အကုန်လုံးက ရှာဖွေတွေ့ရှိထားပြီးသား ဖြစ်တယ်လို့ ယုံကြည်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးဂွန်မော်က ပြောသည်။

လက်ရှိ တော်လှန်ရေးအောင်မြင်ရန် အတွက် ဘက်ပေါင်းစုံ အင်အားရှိရန်လိုအပ်ပြီးလက်ရှိမှာမှန်ကန်သည့်လမ်းကြောင်းပေါ်ရောက်နေပြီဟု ယုံကြည်ကြောင်း၎င်းကဆိုသည်။

“အင်အားလို့ ပြောတဲ့အခါမှာစစ်လက်နက်အင်အားလူအင်အား ငွေရေးကြေးရေး ဘဏ္ဍာရေး အသိပညာစသဖြင့် အင်အားပေါင်းစုံလိုပါတယ်။ ကိုယ့်ရဲ့အင်အားကို ကြီးအောင်လုပ်ရမယ် ပြီးလို့ရှိရင် စုစုစည်းစည်းဖြစ်အောင်လုပ်ရမယ်။ လေယာဉ်ပစ်လက်နက်ဆိုတာ ကျနော်တို့ တကယ်လိုအပ်ပါတယ် ဒါပေမဲ့ ဒီလေယာဉ်ပစ်ဒုံးတွေကိုပဲ မျှော်လင့်နေလို့ မရပါဘူး တခြားနည်းတွေ ကျနော်တို့ လုပ်ရမှာ ဖြစ်ပါတယ်။ နည်းလမ်းပေါင်းစုံနဲ့ လုပ်ရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးဂွန်မော်က ပြောသည်။

ယခုဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးအတွက် ပေးဆပ်ခဲ့သူ အားလုံးကို လေးစားဂုဏ်ပြုကြောင်း ၎င်းက ပြောကြားခဲ့ပြီး ခိုင်မာသည့် ဆုံးဖြတ်ချက်ဖြင့် အောင်မြင်မှု ရရှိစေရေး ဆက်လက်လုပ်ဆောင်သွားရန်လည်း ၎င်းက တိုက်တွန်းသည်။

“အခုအခြေအနေက အာဏာရှင်စနစ် အဆုံးသတ်မယ့်ပွဲ၊ အဆုံးသတ်မယ့်အပိုင်းလို့ ကျနော်တို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အရင်တုန်းက ကျနော်တို့က တစ်နိုင်ငံလုံးမှာ ဒီလို ခုခံတော်လှန်တဲ့ အနေအထားတွေမရှိခဲ့ဘူး။ ဒီတစ်ကြိမ်မှာကတော့ အကုန်လုံး ဘယ်နေရာမှာမှ မကျန်ဘဲနဲ့ တော်လှန်ရေးတွေ ခုခံစစ်တွေဖြစ်နေတယ်ဆိုတာ အာဏာရှင်စနစ် အဆုံးသတ်မှတ်အချိန် အဆုံးသတ်မယ့်ပွဲလို့ ဒါ ကျနော်တို့ တိုတိုလေး ဒီလိုပဲ မှတ်ယူလို့ရပါတယ်”ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။