စစ်ကောင်စီတပ်သား အနည်းဆုံး ၉ဦးသေဟု KA ပြော
ကရင်နီပြည်နယ် ဖရူဆိုမြို့တောင်ဘက်ခြမ်း အမှတ်(၁၄)တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်း၏ အထူးလုံခြုံရေးစခန်းကုန်းကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၉ဦးသေဆုံးကြောင်း ကရင်နီတပ်မတော်(KA)က ယနေ့(ဒီဇင်ဘာ ၁၇ ရက်) ထုတ်ပြန်သည်။
“မာခရော်ရှေ့ရွာ”ရှိ အထူးလုံခြုံရေးစခန်းကုန်း ကို ယခုလအတွင်း ကရင်နီတပ်မတော်(KA)ကဦးဆောင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“စကစဘက်မှ အနည်းဆုံး ၉ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်”ဟု KAက ပြောသည်။

တိုက်ခိုက်မှုနှင့်ဆက်စပ်သည့် စစ်လေ့ကျင့်ရေးကျောင်းသည် စစ်ကောင်စီတပ်ကမာခရော်ရှေ့၊လောဂျာ၊ ဒေါလော့ခူ အစရှိသည့်ကျေးရွာများ၏ ပြည်သူပိုင် ခြံမြေ ဧက ၂,၇၀၀ ကျော်ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်သိမ်းယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
စစ်လေ့ကျင့်ရေးကျောင်းမှ နေ့စဥ်ရက်စက်ဆိုသလို လက်နက်ကြီးများထုသဖြင့် ဒေသခံပြည်သူအချို့ ထိခိုက်မူများရှိသည့်အပြင် တောင်ယာများသွားရောက် လုပ်ကိုင်စားသောက်ရန် အခက်ခဲများရှိကြောင်းလည်း KA က ဆိုသည်။

“မာခရော်ရှေ့စခန်းကုန်းကို တိုက်တာ ဒီလ ၉ ရက်နေ့က ။ နှစ်ဖက် အကျအဆုံးရှိတယ် KA ဘက်ကလည်း ရဲဘော်နှစ်ဦးကျခဲ့တယ်။စခန်းသိမ်းခါနီး ပစ်ကူ တပ်ကူ ရောက်လို့ ပြန်ဆုတ်ခဲ့ရတဲ့ အခြေအနေလို့ သိရတယ်”ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
အလားတူ ယခုလ ၁၃ ရက်ကလည်း ဖရူဆိုမြို့ လောဘူးဒါးရပ်ကွက်ကို ခြေကုပ်ယူရန် အင်အား ၅၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
