Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာသိမ်းထားသည့်မြန်မာကို အာဆီယံမှ ဖယ်ထုတ်ထားသင့်ကြောင်း မလေးရှားဝန်ကြီးချုပ် ပြော

မလေးရှားဝန်ကြီးချုပ် Anwar Ibrahim သည် အာဆီယံ၏ အနာဂတ်နှင့်ပတ်သက်၍ ဆက်လက်အကောင်းမြင်သော်လည်း စစ်ကောင်စီသည် မြန်မာပြည်သူများအပေါ် ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်ရမည်ဟု အလေးပေးတိုက်တွန်းသည်။

(ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မလေးရှားဝန်ကြီးချုပ်ကို ယမန်နေ့က တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ - Anwar Ibrahim/twitter)
(ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မလေးရှားဝန်ကြီးချုပ်ကို ယမန်နေ့က တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ - Anwar Ibrahim/twitter)

▪️မြန်မာပြည်သူများအပေါ်ကျူးလွန်နေသာ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများ အဆုံးသတ်ရမည်ဟု တိုက်တွန်း

အာဆီယံသည် စစ်တပ်အာဏာသိမ်းထားသည့်မြန်မာနိုင်ငံကို လက်ရှိကာလတွင် အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ဖယ်ထုတ်ထားသင့်ကြောင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ယမန်နေ့တွင် ပြောသည်။

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေစဥ် မလေးရှားဝန်ကြီးချုပ်သည် မြန်မာ့အကျပ်အတည်းက အာဆီယံနိုင်ငံများကို အနှောင့်အယှက်ဖြစ်နေသည်ထက် ဖယ်ထုတ်ထားသည်က ပိုမိုသင့်လျော် ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဟာ လောလောဆယ်တော့ မြန်မာကို(အာဆီယံကနေ)ဖယ်ထုတ်ထားသင့်တယ်။ ကျွန်တော်တို့ရဲ့လှုပ်ရှားတိုးတက်မှုတွေကို မြန်မာ့အရေးက အနှောင့်အယှက်ဖြစ်သင့်တယ်လို့ မထင်မိဘူး။ မြန်မာစစ်ကောင်စီကို အားကောင်းတဲ့သတင်းစကားပေးရာမှာ အာဆီယံရဲ့ခိုင်မာတောင့်တင်းတဲ့ဘုံသဘောတူညီချက်ရှိမှ အကောင်းဆုံးဖြေရှင်းတဲ့ပုံစံဖြစ်လာမှာပါ” ဟု Anwar Ibrahim ကပြောသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်မှစ၍ မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေးမတည်ငြိမ်မှုများနှင့် အကျပ်ဆိုက်နေသည်။ လက်ရှိတွင် အာဆီယံထိပ်သီးညီလာခံများတွင် အာဏာသိမ်းစစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်များကို တက်ရောက်ခွင့်မပေးဘဲ နိုင်ငံရေးနှင့်မသက်ဆိုင်သောကိုယ်စားလှယ်(non-political representative)ကို အာဆီယံက ဖိတ်ကြားထားသည်။

Public Service Announcement

Public Service Announcement

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံကျန်အဖွဲ့ဝင် ၉ နိုင်ငံအကြား အမြင်သဘောထားကွဲလွဲမှုများရှိနေပြီး အိမ်နီးချင်းထိုင်းနိုင်ငံက စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်အချို့နှင့် လူသိရှင်ကြား ပို၍ ထိတွေ့ဆက်ဆံမှုရှိနေသည်။

သို့သော် မလေးရှားသည် စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်း Saifuddin Abdullah သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ခေါင်းဆောင်များနှင့် လူသိ ရှင်ကြား တွေ့ဆုံဆွေးနွေးခဲ့သည်။

မလေးရှားဝန်ကြီးချုပ် Anwar Ibrahim သည် အာဆီယံ၏ အနာဂတ်နှင့်ပတ်သက်၍ ဆက်လက်အကောင်းမြင်သော်လည်း စစ်ကောင်စီသည် မြန်မာပြည်သူများအပေါ် ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်ရမည်ဟု အလေးပေးတိုက်တွန်းသည်။

ဝန်ကြီးချုပ် Anwar ဆိုလိုသော အာဆီယံမှ မြန်မာနိုင်ငံကို ဖယ်ထုတ်ရမည်ဆိုခြင်းမှာ မည်သို့ အဓိပ္ပာယ်ဆောင်သည်မှာ မရှင်းလင်းပေး။

ပြီးခဲ့သည့် ၂၀၂၁ မတ်လတွင် Anwar အတိုက်အခံနိုင်ငံရေးသမားအဖြစ်ရှိချိန်က ၎င်းသည် အခြားသောအာဆီယံ ၅ နိုင်ငံမှ လုပ်ဖော်ကိုင်ဖက်နိုင်ငံရေးသမားများနှင့် ပူးတွဲကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်မှာ စစ်ကောင်စီက နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်မပေးမချင်း၊ တိုင်းပြည်၏ အရပ်သားအစိုးရထံ အာဏာပြန်မအပ်မချင်း မြန်မာကို အာဆီယံအစိုးရများက အဖွဲ့ဝင်နိုင်ငံအဖြစ် ဆိုင်းငံ့ထားရမည်ဟု တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ယခုထိုင်းခရီးစဥ်တွင် ဝန်ကြီးချုပ် Anwar က မြန်မာ့အကျပ်အတည်းဖြေရှင်းရာတွင် ထိုင်းနိုင်ငံက ပိုမိုကြီးမားသည့်အခန်းကဏ္ဍမှ လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

ထို့အပြင် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအနေဖြင့် လက်ရှိကြိုးပမ်းအားထုတ်မှုများထက် ပိုမိုသာလွန်၍ လုပ်ဆောင်ရန်လိုအပ်ကြောင်း မလေးရှားဝန်ကြီးချုပ်က အလေးထားပြောကြားသည်။

“ကျွန်တော်တို့ဟာ အပြင်ကသူတွေ ကြားဝင်မှာကို မလိုလားဘူး။ အမေရိကန်နဲ့ ဥရောပတို့က ဘာလုပ်ပါလို့ ကျွန်တော်တို့ကို ပြောနေတာကို မလိုလားဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တစ်ခုခုလုပ်ရပါမယ်။ ဒီ(မြန်မာ့အကျပ်အတည်း)ကို ဖြေရှင်းဖို့ သတ္တိရှိရှိ လုပ်ဆောင်ရပါမယ်” ဟု ဝန်ကြီးချုပ် Anwar က ပြောသည်။

Ref: The Straits Times

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။