ပဲခူးခရိုင် ရွှေကျင်မြို့နယ် ညောင်ခြေထောက် လှေဆိပ်တွင် ဆက်ကြေးအဓမ္မကောက်ခံမှုဖြင့် နာမည်ဆိုးထွက်နေသည့် စစ်ကောင်စီ၏ တပ်ကြပ်ကြီးတစ်ဦးကို ပစ်ခတ်အရေးယူ ရှင်းလင်းလိုက်ကြောင်း Soul Takers Yangon Underground Force က ယနေ့ (မတ်လ ၁၃ ရက်)တွင် အသိပေးထုတ်ပြန်သည်။
ယမန်နေ့ (မတ် ၁၂ ရက်)နေ့လယ် ၁၂ နာရီက ညောင်ခြေထောက်ကျေးရွာ ချောင်းလှေဆိပ်တွင် အကောက်ခွန်ကောက်နေသော တပ်မ (၅၉၈)မှ တပ်ကြပ်ကြီး ငပေါက်ဆိုသူအား သွားရောက်ရှင်းလင်းခဲ့သည်ဟု ဖော်ပြသည်။
“သူက အဲနယ်မှာ နာမည်ကြီးပဲ။ မိုက်ကြေးခွဲ ဆက်ကြေးတောင်းနေတာ။ တစ်ချက်ပဲပစ်လိုက်တာ။ သေကောပဲဗျ”ဟု Soul Takers မှ ပြန်ကြားရေးတာဝန်ခံက People’s Springသို့ ပြောသည်။

Soul Takers Yangon Underground Force သည် ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျား တပ်ဖွဲ့တစ်ခုဖြစ်သော်လည်း လက်ရှိတွင် ရန်ကုန်မြို့ကို ခေတ္တစွန့်ခွာခဲ့ရ၍ ရောက်သည့်ဒေသတွင် စစ်အာဏာရှင်နှင့် ၎င်း၏ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့တာဝန်ခံက ရှင်းပြသည်။

Public Service Announcement
တပ်ကြပ်ကြီးငပေါက်အား ရှင်းလင်းမှုတွင် ၎င်းထံမှ MA 3 ပြောင်းရှည်တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ကျည် ၅၄ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း Soul Takers အဖွဲ့က အသိပေးသည်။
ယခုအချိန်တွင် ရဲဘော်များသက်ဆိုင်ရာ လွတ်မြောက်နေရာသို့ လုံခြုံစွာရောက်ရှိဘေးကင်းသွားပြီးဖြစ်ပြီး ၎င်းတို့အနေဖြင့် အကြမ်းဖက်စစ်တပ်ကို မည်သည့်အကြောင်းကြောင့်မှ အရှုံးမပေးဘဲ အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
