ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးတစ်ဦး၏သားဟုဆိုသူ စစ်ထောက်လှမ်းရေးအဖွဲ့နှင့်နီးစပ်သူ အမျိုးသားတစ်ဦး ပစ်ခတ်ခံရကြောင်း ဒေသခံများက People’s Spring သတင်းဌာနသို့ ပြောသည်။
ယနေ့ (မတ်လ ၂၀ ရက်) ညနေ ၅ နာရီကျော်က စမ်းချောင်းမြို့နယ် ဆီဆုံလမ်း အမှတ် (၄၄) နေ စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးဆိုသူ၏သား စစ်ထောက်လှမ်းရေးတပ်သတင်းပေးဟုဆိုသူ ဝင့်မိုးအောင်အား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပစ်ခတ်မှုတွင် ဝင့်မိုးအောင်နှင့် ဆွေမျိုးသားချင်းတော်စပ်သည့် ဒေါ်ခင်ကြည်ဆိုသည့် အမျိုးသမီးတစ်ဦးပါ သေနတ်ကျည်ထိမှန်ခဲ့ပြီး ပစ်ခတ်ခံရသူနှစ်ဦးအား ဆေးရုံသို့ပို့ချိန်တွင် အသက်ရှိသေးကြောင်း ဒေသခံများက ပြောသည်။
“စုံစမ်းရသလောက် ပစ်ခံရတဲ့ကောင်က ဒု ဗိုလ်မှူးကြီးရဲ့သားဆိုတာတော့ သေချာတယ်။ အမျိုးသမီးကတော့ သူ့အစ်မ(ဝင့်မိုးအောင်)လို့လည်းပြောတယ်။ တချို့ကလည်း မောင်နှမဝမ်းကွဲလည်း ဆိုကြတယ်။ သေချာတာက အဲဒီအမျိုးသမီးက စစ်အင်ဂျင်နီယာဗိုလ်မှူးရဲ့ဇနီးဆိုတာ သေချာပါတယ်”ဟု ရန်ကုန်မြို့ UG များနှင့် နီးစပ်သူတစ်ဦးက People’s Spring သို့ ပြောသည်။
ဝင့်မိုးအောင်နှင့်အတူ သေနတ်ပစ်ခတ်ခံရသူမှာ ၎င်းနှင့် အမျိုးတော်စပ်သူဟုသာ အတည်ပြုနိုင်ပြီး စစ်အင်ဂျင်နီယာတပ်မှ ဗိုလ်မှူး၏ ဇနီးဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းကဖော်ပြထားပြီး လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
“အမျိုးသမီးကခြေထောက်ဘဲထိတာ ဆေးထည့်ပြီးပြန်လွတ်လိုက်ပြီတဲ့။ဟိုကောင်ကတော့ အသက်လုနေရတယ်လို့ကြားတယ်”ဟု စမ်းချောင်းမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီဝါဒဖြန့် ဆိုရှယ်မီဒီယာများတွင်ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆေးတက္ကသိုလ်မှ ပြန်လာသည့် ကျောင်းသားကို PDF များက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား နှင့် အဒေါ်ဖြစ်သူတို့ သေနတ်ဒဏ်ရာများရရှိသောကြောင့် ဆေးရုံသို့ပို့ဆောင်ထားသည်ဟု သတင်းဖော်ပြထားသည်။
အဆိုပါစစ်ဆင်ရေးကို မည်သည့်အဖွဲ့ကလုပ်ဆောင်ကြောင်းမသိရသေးဘဲ အခင်းဖြစ်သည့် အချိန်ကတည်းက စမ်းချောင်းမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီက စစ်ဆေးမှုများတင်းတင်းကြပ်ကြပ်လုပ်ဆောင်နေသည်ဟု ရန်ကုန်မြို့ UG များနှင့်နီးစပ်သူတစ်ဦးကဆက်ပြောသည်။
အထက်ပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဆီဆုံလမ်းထိပ်ရှိဗဟိုလမ်းမကြီးအား စစ်ကောင်စီတပ်က ပိတ်ဆို့ထားပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။
ဝင့်မိုးအောင်သည် ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး စမ်းချောင်းမှ UG များ ၊ ဆေးတက္ကသိုလ် CDM ဆရာ၊ ဆရာမ၊ ကျောင်းသား ၊ကျောင်းသူများကို ဖမ်းဆီးရန် စစ်ထောက်လှမ်းရေးနှင့်ပေါင်း၍ လုပ်ဆောင်ခဲ့သည်ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းကသတင်းထုတ်ပြန်ထားသည်။