လက်နက်ခဲယမ်းအချို့ ကရင်နီပူးပေါင်းတပ် သိမ်းဆည်းရမိ
ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီ၏ တပ်မ(၉၉)လက်အောက်ခံ ခလရ (၂၈၇)တပ် တိုက်ခိုက်ခံရပြီး ၂၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်နှင့် ခဲယမ်းအချို့ကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းရမိကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။
ယခုလ နောက်ဆုံးပတ်က ကရင်နီစစ်မြေပြင်တွင် ခလရ (၂၈၇)တပ်ကို ကရင်နီပူးပေါင်းတပ်များကတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ သို့သော် တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်၍ လုံခြုံရေးအရ နေရာအား မဖော်ပြသေးရန် မေတ္တာရပ်ခံထားသည်။
“နှစ်ရက်လောက်အတွင်းမှာ တိုက်ခဲ့တာ။အဲဒါကြောင့် အထိနာတဲ့ စစ်တပ်ဘက်က အခုရက်ပိုင်း ကရင်နီဘက်ကို လေကြောင်းနဲ့ အဆမတန်ပစ်နေတာလေ “ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
လူထုနွေဦးက ရရှိထားသည့် ဓာတ်ပုံမှတ်တမ်းတွင် ခမရ (၂၈၇)တပ်၏ လက်နက်၊ခဲယမ်းများ နှင့်ဆက်စပ်၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ထံ ဆက်သွယ်မေးမြန်းရာ ” လောလောဆယ် ဒီနေ့အထိ တိုက်ပွဲ ပြင်းထန်နေတုန်းပဲ။ဒီလောက်ပဲ ပြောနိုင်ဦးမယ်”ဟု ပြောသည်။

Public Service Announcement
ယခုလ ၂၀ ရက်ကစ၍ ၂၃ ရက်အထိ ကရင်နီ(ကယား)ပြည်နယ်၊ဒီးမော့ဆို အရှေ့ဖက်ခြမ်းတိုက်ပွဲ၌ စစ်ကောင်စီ၏ ခမရ (၅၁၅)တပ်ရင်းလိုက် သေဆုံးထားသည်။
အရာရှိများအပါ အဝင် ၉၀ဦးကျော် သေဆုံးကာ ၅၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်းတို့၏ လက်နက်ပေါင်း ၄၀ နီးပါးနှင့် ခဲယမ်းများစွာကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းရရှိခဲ့သည်။
အလားတူ ဖေဖော်ဝါရီ ၂၄ ရက်ကစတင်ခဲ့သည့် ရှမ်း- ကရင်နီ နယ်စပ်တိုက်ပွဲတွင်လည်း စစ်ကောင်စီ၏ တပ်ရင်းမှူးအဆင့်ရှိသူများအပါအဝင် တပ်သား ၂၀၀ကျော်သေဆုံးပြီး ၁၀၀ ထက်မနည်း ဒဏ်ရာရရှိကြောင်း မိုးဗြဲ PDF တပ်ရင်း(၂)က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
လက်ရှိ ကရင်နီပြည်၏ စစ်ရေးမှာအမြင့်ဆုံးသို့ ရောက်ရှိနေပြီး စစ်ကောင်စီ၏ ထိုးစစ်မှာ လူသားလှိုင်း(Human wave) စစ်ဆင်ရေးဖြင့် ပြုလုပ်လာကြောင်းလည်း KNDF ဒုစစ်ဦးစီးချုပ်မာဝီက ပြောသည်။
ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ၍ ကရင်နီ(ကယား) ပြည်နယ်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ လေးခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း ၁၂ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။
စစ်ကောင်စီတပ်က ပုံမှန်အားဖြင့် ကရင်နီပြည်နယ်တွင် စစ်သား ၂,၀၀၀ ထားရာမှ မကြာသေးခင်က ၁,၂၀၀ ထပ်မံထပ်တိုးပြီး ဖေဖော်ဝါရီလကုန်ပိုင်း မတ်လဆန်းထိုးစစ်တွင် စစ်ကောင်စီတပ်သား ၂၀၀၀ ကျော်ထပ်တိုးခဲ့သည်။
ထိုကြောင့် လတ်တလောကရင်နီ ပြည်နယ်တွင် စစ်တပ်က တပ်ဖွဲ့ဝင် အင်အား ၅,၂၀၀ ကျော်အသုံးပြုထားခြင်းဖြစ်သည်။
ကရင်နီပြည်နယ်သည် စစ်ကောင်စီအုပ်ချုပ်ရေး၏အဓိကနေရာ နေပြည်တော်ကို ခြိမ်းခြောက်နိုင်ခြင်းနှင့် ဗျူဟာမြောက်တည်နေရာတွင် ရှိနေသောကြောင့် စစ်ကောင်စီက ထိန်းချုပ်နိုင်ရန် အကြီး အကျယ်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
မြေပြင်စစ်ရေးသတင်းများအရ ထိုးစစ်ဆင်ရန် စကခ – ၂ လက် အောက်ခံအရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) မှ တပ်ရင်းများအပါအဝင် တပ်မ (၅၅ ၊၆၆၊ ၇၇၊ ၉၉) နှင့် (၂၂)မှ အင်အား ၂,၀၀၀ ထက်မနည်း ကရင်နီစစ်ဆင်ရေးအတွက် စေလွှတ်ထားသည်။


















































