CDF ရဲဘော်တစ်ဦး ကျဆုံး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးထက်မနည်းသေဆုံး၊ ယာဉ်နှစ်စီးပျက်စီး
ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အရပ်သားပြည်သူ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ယမန်နေ့က အသိပေးထုတ်ပြန်သည်။
မတ်လနှင့် ဖေဖော်ဝါရီအတွင်း မင်းတပ် CDF နယ်မြေ၌ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုအခြေအနေကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီအတွင်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု ၂၃ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား ရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သေဆုံးသူ လေးဦးရှိပြီး မင်းတပ် CDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း ဖော်ပြသည်။
ထို့ပြင် ပြည်သူလူထု နေအိမ် ၁၁လုံး ပျက်စီးခဲ့ပြီး ဆိုင်ကယ် ၊အိမ်မွေးတိရိစ္ဆာန်များလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement
မတ်လအတွင်း၌လည်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှု ၂၆ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် လေကြောင်း တိုက်ခိုက်မှု ၈ကြိမ်ပြုလုပ်ခဲံကြောင်း ထုတ်ပြန်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများ၌ ထိခိုက်မှုမရှိခဲ့ဟု အသိပေးထားသည်။
မတ်လတွင် စစ်ကောင်စီတပ်မှ ၈၅စီးပါ ယာဉ်တန်းသည် ပခုက္ကူမြို့မှ ထွက်ခွာလာပြီး မင်းတပ်သို့လည်း လာရောက်ရော ပဒေသာမိုင်းအလုံး ၂၀ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် အခြေအနေကို မသိရသော်လည်း ယာဉ်နှစ်စီး ပျက်စီးခဲ့ကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။
ဖေဖော်ဝါရီကလည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်က ရမ်းသမ်း ပစ်ခတ်၍ ၁၀နှစ်အရွယ် ကလေးတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်က မတ်လ၁၃ရက် ညပိုင်းကလည်း မင်းတပ်မြို့ကို လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း ဒေသခံ အချို့က အသိပေးသည်။
စစ်ကောင်စီတပ်သည် တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး အချက် ၄၀ကျော် ပစ်ခတ်ခဲ့ကြောင်း မင်းတပ်ဒေသခံတစ်ဦးက ၎င်း၏ Facebookမှ တဆင့် အသိပေးထားသည်။
ဆောဒေသခံတစ်ဦးကလည်း ယင်းနေ့ ညပိုင်းက မင်းတပ်နယ်သို့ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။ ထို့ပြင် ကျောက်ထုနယ်သို့ ရောက်နေသည့် စစ်ကောင်စီတပ် ယာဉ် အစီး ၈၀ခန့်အနက် အစီး ၂၀ ခန့်သည် ထီးလင်းဘက်သို့ တက်သွားသည်ဟု ဆိုသည်။
“စစ်ကြောင်းကတော့ ထီလင်းဘက်ကို တဝက်တပြတ်သွားပြီးတော့ ခြေရာဖျောက်ထားတယ်။ ကျနော်တို့ ဆောမြို့နယ်ကို ထိုးလာတဲ့ စစ်ကြောင်းကလည်း ဘယ်ရောက်နေတယ်ဆိုတာ မသိရသေးဘူး။ ဘာမှ မသိရသေးတဲ့အတွက် ပြည်သူတွေက နားစွန့်ပြီးနေကြတယ်။ မနေ့ညကတော့ လေယာဉ်ကတော့ ချင်းပြည်နယ်ဘက်မှာ ၅ချက်လောက်ပစ်တယ်။ မင်းတပ် အနောက် ၁၄မိုင်လောက် ချင်းပြည်နယ်ဘက်ကို ပစ်တယ်။ ည ၉နာရီ ၁၄မိနစ်မှာ။ သူတို့ ၂၇၄ တပ်ရင်းကလည်း အမြောက်တွေနဲ့ ပစ်တယ်။ ကျောက်ထု အမြောက်တပ်ကလည်း ပစ်တယ်။ အချက်ပေါင်း ၅၀လောက်”ဟု ဆောဒေသခံက ပြောထားသည်။
စစ်ကောင်စီတပ်အနေဖြင့် ဒေသအသီးသီး၌ အရပ်သားများအား ပစ်မှတ်ထားပြီး လက်နက် ကြီးဖြင့် တိုက်ခိုက်ခြင်း လေကြောင်းတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အရပ်သားပြည်သူသေဆုံးမှု မြင့်တက်နေသည်။


















































