စစ်ကောင်စီ၏ ဝေါလေဗျူဟာကုန်းကို ဧပြီ ၃ရက် ညပိုင်းတွင် Federal Wings ဒရုန်းများဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ရာ စစ်ကောင်စီတပ်၏ (၁၂၂) မမ ဟောင်ဝစ်ဇာအမြှောက်နှင့် ရိက္ခာဂိုဒေါင်ရုံးထိခိုက် မီးလောင်ပျက်စီးခဲ့ကြောင်း Federal Wings က ထုတ်ပြန်သည်။
မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ ဝေါလေဗျူဟာကုန်းကို ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့-KNDO တပ်ရင်း (၈)နှင့် Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဝေါလေဗျူဟာကုန်းတွင် စစ်ကောင်စီ အမှတ် (၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမှတ်(၂) နည်းဗျူဟာ တပ်ဖွဲ့ဝင်များ အထိုင်ချပြီး ၎င်းလက်နက်ကြီးအမြှောက်ဖြင့် ယခင်က ကျေးရွာများထဲသို့ ပုံမှန်ပစ်ခတ်လေ့ရှိသည်ဟု ဆိုသည်။
Federal Wingsက ဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက် ၎င်းလက်နက်ကြီး ထိခိုက်ပျက်စီးသွားပြီဖြစ်၍ ပစ်ခတ်မှုမရှိတော့ဟု ထုတ်ပြန်သည်။

Public Service Announcement
အဆိုပါဒေသတွင် နယ်မြေခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲကြီးငယ်များ မကြာခဏ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး နှစ်ဖက်အပြန်အလှန် ပိတ်ဆို့တိုက်ခိုက်မှုများဖြင့် စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း အသိပေးထားသည်။
Federal Wings ဒရုန်းတပ်ဖွဲ့သည် KNU တပ်မဟာ(၆) နှင့်တပ်မဟာ(၃)နယ်မြေ၌ ဒေသတွင်း တော်လှန်ရေးတပ်များနှင့်ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည့်တပ်ဖွဲ့ ဖြစ်သည်။


















































