▪︎ရှာဖွေကယ်ဆယ်ရေးလုပ်ကိုင်နေဆဲဖြစ်ပြီးသေဆုံးသူအရေအတွက်ထပ်တိုးနိုင်
▪︎ဒဏ်ရာပြင်းထန် သူ ၁၇ ဦးရှိပြီးအသက်အန္တရာယ်စိုးရိမ်ရ၊ ၈ နှစ်ကလေးငယ်တစ်ဦးတစ်ကိုယ်လုံးနီးပါးမီးလောင်ဒဏ်ရာရခဲ့ပြီး ကိုယ်ဝန်ဆောင်တစ်ဦး လက်ဖြတ်လိုက်ရ
ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင်သေဆုံးသူဦးရေ ၁၆၅ဦးအထိရှိလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ( NUG )ထုတ်ပြန်သည်။
ယနေ့ (ဧပြီလ ၁၃ရက်)အထိ ရရှိထားသည့် စာရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်က ထုတ်ပြန်ခြင်းဖြစ်သည်။
“ထိခိုက်သေဆုံးသူစာရင်းကို ဆက်လက်ကောက်ယူပြုစုပြီး ဘယ်သူ၊ဘယ်ဝါ ကျား၊မ၊ကလေး စသည်ဖြင့် အတည်ပြုနိုင်ဖို့ကြိုးစားနေဆဲဖြစ်တာကြောင့် သေဆုံးသူဦးရေဟာ ဒီထက်ပိုပြီးတိုးလာနိုင်ခြေရှိပါတယ်” ဟုဦးနေဘုန်းလတ်က ရှင်းပြသည်။
ဧပြီ ၁၁ ရက်နံနက် ၇ နာရီခွဲတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲပြီးနောက် Mi-35 ရဟတ်ယာဥ်ဖြင့်ထပ်မံလာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံး၊ဒဏ်ရာရသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသည့် သုံးရက်မြောက်နေ့တွင် ရုပ်အလောင်း ၁၆၅ လောင်းတွေ့ရှိထားခြင်းဖြစ်သည်။ သေဆုံးသူများမှာ ခန္ဒာကိုယ်များပျက်စီးသွား၍ ကျားမ ခွဲခြားရန်ပင်ခက်ခဲနေပြီး ယခုအချိန်ထိ ကျား၊မ ခွဲခြားအတည်ပြု နိုင်သမျှ သေဆုံးသူများတွင် အမျိုးသမီး ၂၇ဦးနှင့် အသက် ၁၈ နှစ်အောက် ကလေး ၁၉ဦး( ကျား၈ ဦး၊ မ ၁၁ဦး)ပါဝင်ကြောင်းသည်ဟု ဦးနေဘုန်းလတ်က ဆက်ပြောသည်။

Public Service Announcement

ဒဏ်ရာရရှိသူများကို အမျိုးသားညီညွတ်ရေးအစိုးရက ကာကွယ်ရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန ဆေးတပ်ဖွဲ့ ဆေးကုသပေးနေပြီး၁၇ဦးသည် အကြီးစားခွဲစိတ်ကုသနေရကာ အသက်အန္တရာယ် စိုးရိမ်ရသည်ဟုသိရသည်။ ဒဏ်ရာရသူများတွင် ၈နှစ်အရွယ်ကလေးတစ်ဦးသည်တကိုယ်လုံးနီးပါးမီးလောင်ကျွမ်းခဲ့ပြီး ၊ကိုယ်ဝန်ဆောင်တစ်ဦးလည်း လက်တစ်ဖက်ဖြတ်လိုက်ရသည်ဟု၎င်းကဆက်ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက မြေပြင်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေပြီး လတ်တလောတွင်ဒေသခံများအပြင် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များပါ စိတ်ဒဏ်ရာရနေသည်ဟု သိရသည်။
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရကယာယီကူညီကယ်ဆယ်ရေးလုပ်ငန်းအဖွဲ့၊ အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းအဖွဲ့ကိုလည်း ဖွဲ့စည်းလုပ်ကိုင်နေသည်ဟုဆိုသည်။
ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေချိန်စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့သော်လည်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ကြိုတင်သတင်းရရှိခဲ့သဖြင့် ထိခိုက်မှုမရှိအောင် ကာကွယ်နိုင်ခဲ့သည်ဟုလည်းဆိုသည်။
NUG ကကူညီကယ်ဆယ်ရေးနှင့် အရေးပေါ် ဆောင်ရွက်ရန် ကိစ္စရပ်များအတွက် လုံလောက်သော ဘဏ္ဍာငွေလျာထားကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်လျက်ရှိသလို ရရှိလာသော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ IIMM, UN Special Reporter နှင့် နိုင်ငံတကာအဖွဲ့အစည်းများ သို့ ပေးပို့အကြောင်းကြားလျက်ရှိသည်ဟုလည်းအသိပေးသည်။
စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်ပျံဝဲခြိမ်းခြောက်မှုများရှိသဖြင့်ယခုအခါ ပဇီကြီးရွာ ဒေသခံ ၃၀၀ ကျော်သည် စစ်ဘေးရှောင်နေရသည်ဟု သိရသည်။
သေဆုံးသူအရေအတွက်သည် ၂၀၀ ခန့်အထိ ရှိလာနိုင်ကြောင်းရှာဖွေကယ်ဆယ်ရေးလုပ်ကိုင်နေသူများကပြောသည်။
“အိမ်လုံးကျွတ်တွေလည်းပါတယ်။ ကျွန်တော်တို့ ထင်တာ ၂၀၀ လောက်သေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ဒေါင်းနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကလည်း” သူတို့(စစ်ကောင်စီ)ကသက်သေတွေဖျောက်ဖို့ကြိုးစားနေတယ်။ ကျွန်တော်တို့ကတော့ မြေပြင်က သက်သေအထောက်အထားတွေအကုန်လုံးကို NUG ကိုရော နိုင်ငံတကာကိုရော ပို့ထားပါတယ်” ဟုစစ်တပ်က ရှာဖွေကယ်ဆယ်ရေးလုပ်နေသောနေရာသို့ ရဟတ်ယာဥ်များ မကြာခဏလာရောင်ခြိမ်းခြောက်နေသည်အပေါ်ပြောသည်။
ကန့်ဘလူမြို့နယ်အခြေစိုက် လင်းယုန်နီ(ကန့်ဘလူ)တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကလည်း “ကျွန်တော်တို့ ဒီနေ့(ဧပြီ ၁၂) ကောက်တဲ့ စာရင်းအရဆိုရင် အိမ်ခြေ (၂၀၀)ကျော်ရှိတဲ့ရွာ(ပဇီကြီး)မွာ အိမ်ခြေ (၁၀၀)ဝန်းကျင်လောက်က တစ်အိမ်ကို မိသားစုဝင်နှစ်ဦးသုံးဦး သေဆုံးကြတာဗျ။ တချို့ ပြောနေတဲ့ (၁၀၀)ဝန်းကျင်ဆိုတာ အဲဒီထက် မကဘူး။ ခုကိုပဲ သေ ဆုံးစာရင်းက (၂၀၀)ခန့်ရှိနေပြီ။ တိတိကျကျစာရင်း ကောက်ခိုင်းထားတာ။ ဒါတောင် ကောက်ယူဆဲပဲရှိသေးတယ်။ မပြီးသေဘူး။”ဟု People’s Spring သို့ပြောသည်။


















































