Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ဧပြီအတွင်း ဆေးရုံသုံးခုအပါအဝင် ကျန်းမာရေးဆိုင်ရာနေရာ လေးခု တိုက်ခိုက်ဖျက်ဆီး

စစ်ကောင်စီအနေဖြင့် ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာယခု နှစ်ဆန်းမှ စတင်၍ ဆေးရုံ၊ဆေးခန်းများအပေါ် တိုက်ခိုက်မှုများ အထူးသဖြင့် လေကြောင်းအသုံးပြု တိုက်ခိုက်မှု များကို ပိုမိုကျူးလွန်လာသည်ဟု ဖော်ပြသည်။

(အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသော ရွှေကူမြို့နယ် စီသာတိုက်နယ်ဆေးရုံအား ဧပြီ ၅ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေကူ KPDF)
(အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသော ရွှေကူမြို့နယ် စီသာတိုက်နယ်ဆေးရုံအား ဧပြီ ၅ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေကူ KPDF)

▪️ချစ်ကြည်ရေးအတွက် ဂျပန် လှူထားသည့် ဆေးရုံလည်း ဖျက်ဆီးခံခဲ့ရ၊ ဓာတ်မှန်စက်နှင့် ဆေးနှင့် ဆေးပစ္စည်းများ ပျက်စီး

အကြမ်းဖက်စစ်ကောင်စီက ဧပြီအတွင်း ပြည်သူ လူထုများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယင်းအနက် ကျန်းမာရေးဆိုင်ရာ ဆေးရုံများပါ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့် ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာယခု နှစ်ဆန်းမှ စတင်၍ ဆေးရုံ၊ဆေးခန်းများအပေါ် တိုက်ခိုက်မှုများ အထူးသဖြင့် လေကြောင်းအသုံးပြု တိုက်ခိုက်မှု များကို ပိုမိုကျူးလွန်လာသည်ဟု ဖော်ပြသည်။

ဧပြီ ၁ရက်မှ ၁၈ရက်အတွင်း စစ်ကောင်စီ၏ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုများကို ဖော်ပြခဲ့ရာ ကသာခရိုင် ထီးချိုင့်မြို့နယ် ညောင်ပင်သာ တိုက်နယ်ဆေးရုံကို မီးရှို့ဖျက်ဆီးမှု၊ရွှေကူမြို့နယ် စီသာရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စီသာတိုက်နယ်ဆေးရုံ ပျက်စီးခဲ့မှု၊ ရှမ်း-ကရင်နီနယ်စပ်ရှိရှေ့တန်း ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် နေရာကို လေကြောင်းတိုက်ခိုက်မှု၊ မကွေးတိုင်း မြိုင်မြို့နယ် မန်ကျည်းကန်ကျေးရွာရှိ ပြည်သူ့ဆေးရုံကို လေကြောင်း တိုက်ခိုက်မှု စသည့်ဖြစ်စဉ်များ ရှိခဲ့သည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

ညောင်ပင်သာတိုက်နယ်ဆေးရုံရှိ ပြင်ပလူနာဆောင်၊ ကျား၊မ လူနာဆောင် နှစ်ဆောင်၊ ဆေးစတိုခန်း၊ ခွဲစိတ်ခန်းစသည့် ဆေးရုံအဆောင်တို့ကို အကြမ်းဖက်စစ်ကောင်စီ၏ စစ်သားများက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စီသာရွာကိုလည်း စစ်ကောင်စီက လေကြောင်းဖြင့် (၃)ကြိမ် ဗုံးကြဲပစ်ခတ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စီသာတိုက်နယ်ဆေးရုံ၊ စာသင်ကျောင်းနှင့် နေအိမ် (၂၀)ကျော်ထိခိုက်ပျက်စီးခဲ့ကြောင်း၊ စီသာတိုက်နယ်ဆေးရုံ၏ အဆောက်အအုံတစ်ခုလုံးနီးပါး ထိခိုက် ပျက်စီးခဲ့ပြီး ဆေးရုံအတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းများလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် ရှမ်း – ကရင်နီနယ်စပ် ရှေ့တန်းစစ်မျက်နှာပြင်တစ်နေရာ၌ အရေးပေါ်ကယ်ဆယ်ရေး ဆေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုပေးနေစဉ် အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းဖြင့် (၅)ကြိမ်ထက်မနည်း ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ယင်းဆေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူနှစ်ဦး မြေပြင်တွင် ပွဲချင်းပြီး ကျဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ လူနာတင်ယာဉ်အပါအဝင် ကားလေးစီးလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဖော်ပြသည်။

မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာနှင့် မန်ကျည်းကန်ကျေးရွာရှိ ပြည်သူ့ဆေးရုံတို့ကို စစ်ရဟတ်ယာဉ်များ အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်သားများက ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ့ဆေးရုံ အဆောက်အအုံကို မီးရှို့ဖျက်ဆီးခဲ့ရာ ဂျပန်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ဂျပန်နိုင်ငံ ပြည်သူလူထုက လှူဒါန်းထားသော ဆေးရုံအဆောက်အအုံနှင့် ကျပ်သိန်း ၈၀၀ခန့် တန်ဖိုးရှိ ဓာတ်မှန်စက် အပါအဝင် ဆေးနှင့် ဆေးပစ္စည်း များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း အသိပေးသည်။

ထို့ပြင် အကြမ်းဖက်စစ်သားများသည် အသက် (၁၅)နှစ်အရွယ် ကလေးတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး လူနာများ၊ လူနာစောင့်များနှင့် ရွာသူ၊ ရွာသား ၁၀၀ကျော်ခန့်ကို ဓားစားခံအဖြစ် ဖမ်းဆီးထားခဲ့သည်ဟု ဆိုသည်။ လူနေအိမ်များ၊ ကားနှင့်ဆိုင်ကယ် များကိုလည်း ဖျက်ဆီးခဲ့ကြောင်း ဖော်ပြပြီး အပြစ်မဲ့ပြည်သူ ၁၅ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်၍ ကျေးရွာမှ ထွက်ခွာသွားခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းကာလအတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ဦးထက်မနည်းကို သတ်ဖြတ်ခြင်း၊ ကျန်းမာရေးဝန်ထမ်း ၈၃၆ ဦးကျော်ကို ဖမ်ဆီးခြင်း၊ ဆေးရုံ၊ ဆေးခန်းများကို သိမ်းပိုက်ခြင်းနှင့် တိုက်ခိုက်ဖျက်ဆီးခြင်း (၁၈၈)ကြိမ်၊ ထိခိုက်ပျက်စီးခဲ့သော လူနာတင်ယာဉ် ၅၉စီး၊ ခိုးယူသိမ်းပိုက်ခံရသော လူနာတင်ယာဉ် ၄၉စီး ရှိခဲ့ကြောင်း ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်နေခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ နိုင်ငံတကာဥပဒေများနှင့် ပြည်တွင်းဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ရာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အမြန်ဆုံးတားဆီးအရေးယူရန်လိုအပ်ကြောင်း အသိပေးထား သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။