ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီက PDF ရဲဘော်တစ်ဦးနှင့် အရပ်သားတစ်ဦးကို သတ်ဖြတ်ပြီး စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီနှင့်ပတ်သက်သူ စီးပွားရေးလုပ်ငန်းရှင်အချို့ ပစ်သတ်ခံရသည့် HAPPY KTV ဆိုင်ရှေ့ အများပြည်သူမြင်ကွင်းတွင် ရုပ်အလောင်းလာချထားကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
“ရုပ်အလောင်းမှာ PDF ရဲဘော်တစ်ယောက်ပါတယ်။ ဖမ်းထားတာ ၆လလောက်ရှိပြီ။ အခု သတ်ပြီးအလောင်းလာချထားတာ”ဟု ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။
အရပ်သားနှစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသော်လည်း စစ်ကောင်စီက ယခင်ကတည်းက ဖမ်းဆီးထားသည့် PDF ရဲဘော်နှင့် အရပ်သားကို ယခုမှသတ်ဖြတ်ပြီး ရုပ်အလောင်းလာချထားခြင်းဟု တော်လှန်ရေးအင်အားစုများဘက်က ဆိုသည်။
“မနေ့က သူတို့ စစ်ကြောင်းမှူး အသတ်ခံရလို့ ပြန်ပြီးလက်စားချေတဲ့သဘောထင်တယ်။” ဟု ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ HAPPY KTV တွင် ယမန်နေ့ (ဧပြီ ၂၃ရက်) နံနက်အစောပိုင်းက စစ်ကောင်စီ၏ တပ်မ(၃၃) လက်အောက်ခံ တပ်ရင်းခလရ(၁၃)စစ်ကြောင်းမှူး ဒုဗိုလ်မှူးဇော်မောင် (DSA အပတ်စဥ် ၄၇)နှင့်အတူ ကျောက်စိမ်းလုပ်ငန်းရှင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် HAPPY KTV အခန်းအမှတ် ၇၇၇ – 5D တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။
စစ်ရေးတင်းမာနေသည့် ဖားကန့်တွင် အရပ်သားပြည်သူ ၂၀၀ ကျော်ကိုလည်း စစ်ကောင်စီတပ်က ဧပြီ ၂၁ရက်တွင် ဖမ်းဆီးထားပြီး ယနေ့(ဧပြီလ ၂၄ရက်)အထိ ပြန်လွှတ်မပေးသေးပေ။


















































