Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်သူနှင့် ဘက်မညီစစ်ရင်ဆိုင်နေရသော်လည်း တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်နေကြောင်း NUG ကာကွယ်ရေး ထုတ်ပြန်

PDF အတွက် လက်ရှိအချိန်တွင် အဓိကအားနည်းချက် လိုအပ်ချက်မှာ လက်နက်၊ခဲယမ်း၊မီးကျောက်ပင်ဖြစ်သည်ဟု အသိပေးသည်။

(မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ - MDY-PDF)
(မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ - MDY-PDF)

▪️ရန်သူအားသာသည့်လေကြောင်းရန် တန်ပြန်နိုင်ရေး လက်နက်အလုံအလောက်ရရှိဖို့ ကြိုးပမ်းနေဟုဆို

▪️PDF တပ်မတော်အတွက် နိုင်ငံအချို့မှ သံတမန်၊ စစ်သံမှူး၊ နိုင်ငံတကာအဖွဲ့များနှင့် ချိတ်ဆက် ကာ ပညာရပ်နှင့်အတွေ့အကြုံ မျှဝေဖလှယ်ခဲ့ဟု အသိပေး

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)သည် လက်နက်ခဲယမ်းအင်အား၊ လေကြောင်းစိုးမိုးနိုင်မှု၊ နည်းပညာနှင့် စစ်အတွေ့အကြုံစသည့် များစွာ သာလွန်သည့်ရန်သူနှင့် ဘက်မညီစစ်ကို ရင်ဆိုင်ဆင်နွှဲနေရခြင်းဖြစ်သော်လည်း ယခုအခါ တန်ပြန်ထိုးစစ်ကာလသို့ တက်လှမ်းနိုင်ရေး ပြင်ဆနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ယနေ့ ကျရောက်သည့် PDF ဖွဲ့စည်းမှု နှစ်နှစ်ပြည့် တွင် စစ်ရေးအခြေအနေများကို ယခုကဲ့သို့ အသိပေးဖော်ပြခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် အချိန် (၂)နှစ်က စစ်မဟာဗျူဟာအရ ခံစစ် ဖြင့် စတင်ခဲ့ရသော ပြည်သူ့ခုခံတော်လှန်စစ်သည် ယခုအခါ စစ်မဟာဗျူဟာအရ တန်ပြန်ထိုးစစ် အကြိုကာလ သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ နောက်ဆုံးအဆင့်ဖြစ်သော စစ်မဟာဗျူဟာအရ တန်ပြန်ထိုးစစ်ကာလသို့ဆက်လက်တက်လှမ်းနိုင်ရေးအတွက် လိုအပ်သော ဘဏ္ဍာရန်ပုံငွေနှင့် ဗျူဟာမြောက် စစ်လက်နက်ပစ္စည်းများ တိုးမြင့် ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ကို တနိုင်ငံလုံးတွင် PDFတပ်ရင်းနှင့် စစ်ကြောင်း စုစုပေါင်း (၃၀၀)ခန့် အတည်ပြုစုဖွဲ့နိုင်ခဲ့သည့်အပြင် ပြည်သူ့စစ် တာဝန်ထမ်းဆောင်ရသည့် ရပ်ရွာအခြေပြုပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များကို မြို့နယ်ပေါင်း (၂၅၀) ကျော်တွင် စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားနိုင်ခဲ့ကြောင်း၊ လူအင်အား (Man Power) အရ မိမိတိုက်ခိုက်ရေးအင်အားသည် ရန်သူ့ထက် သာလွန်အင်အား ဖြစ်အောင် စုဖွဲ့တည်ဆောက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုသို့စုဖွဲ့နိုင်ရန် ကူညီခဲ့သည့် ပြည်သူများနှင့် မဟာမိတ် တိုင်းရင်းသားအဖွဲ့များကို NUG ကာကွယ်ရေးက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် PDFစစ်ရုံးချုပ်ကို တည်ထောင်ခဲ့ပြီးဖြစ်ကာ စစ်ရေးစစ်ရာကိစ္စရပ်များကို သက်ဆိုင်ရာ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် ဟန်ချက်ညီလက်တွဲကာ PDF စစ်ရုံးချုပ်က ကွပ်ကဲဆောင်ရွက်နေကြောင်း ထုတ်ပြန်သည်။ PDF တပ်မတော်ကို မြောက်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်းဟူ၍ စစ်တိုင်းကြီး (၃) တိုင်းဖြင့် ဖွဲ့စည်းထားသည့်အပြင် သက်ဆိုင်ရာ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲပေါင်းစပ်၍ အမှတ် (၁)စစ်ဒေသနှင့် တောင်ပိုင်းစစ်ဒေသ ဟူသော စစ်ဒေသ (၂) ခု ဖွဲ့စည်းကာ စစ်ရေးပူးပေါင်းညှိနှိုင်းမှုနှင့်ပူးတွဲကွပ်ကဲမှုများ ဆောင်ရွက် လျက်ရှိကြောင်း အသိပေးသည်။

ပြီးခဲ့သည့် နှစ်နှစ်တာအတွင်း ရန်သူကိုအမှည့် ခြွေခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနားမပေးခြင်း၊ စိတ်ပိုင်း ရုပ်ပိုင်း ဆုတ်လျော့အားပြတ်စေခြင်းတို့ကို ထိရောက်စွာ ပုံဖော် ဆောင်ရွက်နိုင်ခဲ့သည်ဟုဆိုသည်။

PDF အတွက် လက်ရှိအချိန်တွင် အဓိကအားနည်းချက် လိုအပ်ချက်မှာ လက်နက်၊ခဲယမ်း၊မီးကျောက်ပင်ဖြစ်သည်ဟု အသိပေးသည်။

ပြည်သူ့တော်လှန်ရေးစတင်ချိန်က တူမီး၊ လက်လုပ်သေနက်များဖြင့်သာ ရန်သူကို ခုခံခဲ့ကြရသော်လည်း ယခုအခါတွင် ပြည်သူလူထု တရပ်လုံး၏ လှူဒါန်း ကူညီမှု၊ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် လက်တွဲ ဆောင်ရွက်မှုတို့ကြောင့် PDF တပ်မတော်အတွက် ချေမှုန်းရေးရိုင်ဖယ်အပါအဝင် လက်နက်ငယ် မျိုးစုံ၊ လက်နက်ကြီး၊ လက်ဖြောင့်စနိုက်ပါ၊ မောင်းသူမဲ့လေယာဉ်ငယ် (Drone)၊ မိုင်းအမျိုးမျိုး စသည်တို့ကို အတိုင်းအတာတခုအထိ တပ်ဆင်နိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြသည်။

ထို့အပြင် မိမိတို့ ကိုယ်ပိုင်လက်နက်ခဲယမ်း ထုတ်လုပ်ခြင်းကဏ္ဍသည်လည်း များစွာ အောင်မြင်၊ ပေါက်ရောက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း အသိပေးသည်။

သို့သော် ရန်သူနှင့် ကောင်းစွာနှိုင်းယှဉ်နိုင်သည့်၊ ပွဲသိမ်းအဆင့် တိုက်ခိုက်နိုင်သည့် လက်နက်ခဲယမ်း အင်အား အခြေအနေသို့ ရောက်ရန် များစွာ ဆက်လက်ကြိုးပမ်းကြရဦးမည် ဖြစ်ကြောင်း၊ အထူးသဖြင့် ရန်သူ့အဓိက အားသာချက်ဖြစ်သော လေကြောင်းရန်ကို တန်ပြန် တိုက်ခိုက်နိုင်ရန်၊ ခုခံနိုင်ရန်အတွက် ဗျူဟာမြောက် လက်နက်ပစ္စည်းများ အလုံအလောက် ရရှိ နိုင်ရန် ဆက်လက် ကြိုးပမ်းလျက် ရှိကြောင်း ဖော်ပြထားသည်။

PDF တပ်မတော်သည် စစ်မဟာဗျူဟာအရ ပြည်သူ့စစ်မဟာဗျူဟာ (Peoples War Strategy) ကို စွဲကိုင်ကာ နည်းဗျူဟာအရ ပြောက်ကျားစစ် (Guerrilla Warfare) ကို စနစ်တကျ အားပြု ကျင့်သုံးလျက်ရှိသည်ဟုဆိုသည်။

PDF တပ်မတော်အတွက်နိုင်ငံအချို့မှ သံတမန် များ၊ စစ်သံမှူးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပညာရပ်နှင့်အတွေ့အကြုံဆိုင်ရာ မျှဝေဖလှယ်ခြင်းတို့ ပြုလုပ်ခဲ့နိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။ မည်သည့် နိုင်ငံမည်သည့် အဖွဲ့များနှင့်ဆိုသည်ကိုမူ ဖော်ပြထားသည်။

PDFနှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ များ၏ စုပေါင်းစွမ်းဆောင်ရည်ဖြင့် နှစ်နှစ်အတွင်း အနည်းဆုံး ရန်သူ့အင်အား (၃)သောင်း ခန့်ကို သုတ်သင်နိုင်ခဲ့ပြီး (၁)သောင်းကျော်ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့သည်ဟုဆိုသည်။ ထို့ပြင် ရန်သူ့တပ်တွင် ရှိခဲ့ သော်လည်း စစ်အာဏာသိမ်းမှုကို လက်မခံသည့် ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော် သား (၁၃၀၀၀)ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။