ဒဏ်ရာရသူသုံးဦးအနက် နှစ်ဦးသေဟုဆို
မန္တလေးမြို့ အမရပူရမြို့နယ် လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ Non-CDM ဝန်ထမ်းသုံးဦးဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးသေဆုံးသည်ဟု ကနဦးသတင်းရကြောင်းNo More Dictatorship People Defence Force – NMD အဖွဲ့မှတာဝန်ရှိသူက ပြောသည်။
“ရုံးထဲကို ပစ်ထည့်လိုက်တာပါ။ရုံးက ရှေ့မျက်နှာစာကျင်းတယ်။ ကားကလည်း အမြဲရပ်ထားတာ” ဟု ၎င်းက ပြောသည်။
မေလ ၅ရက် ညနေ ၄ နာရီခန့်တွင် ယင်းစစ်ဆင်ရေးကို NMD နှင့်အတူ Demon Revolution Army အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဗုံးပေါက်ကွဲမှုကြောင့် Non-CDM ဝန်ထမ်းများဖြစ်သည့် လဝက လက်ထောက်ညွှန်မှူး၏ဇနီး ဝန်ထမ်းအမျိုးသမီး၊ ဒုဉီးစီးမှူးနှင့် အခြားဝန်ထမ်းတစ် ဦး စုစုပေါင်းသုံးဦး ဒဏ်ရာရရှိခဲ့ပြီး ရုံးရှေ့၌ ရပ်ထားသည့်ကားလည်း အပျက်အဆီးရှိကြောင်း ၎င်းကဆက် ပြောသည်။

Public Service Announcement

“နှစ်ယောက်သေတယ်လို့ နီးစပ်ရာသတင်းကြားပါတယ်။ အခိုင်အမာအတည်မပြုနိုင်တာဘဲရှိတာပါ”ဟု ယင်းတာဝန်ရှိသူက ပြောသည်။
အဆိုပါ လဝကရုံးအား ၂၀၂၁ ဒီဇင်ဘာ ၂၈ရက် ကလည်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသေးသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ ယန္တရားလည်ပတ်နိုင်အောင် ကူညီနေသောရုံးများ ၊ အကြမ်းဖက်စစ်ကောင်စီဝင်ရှိသည့်နေရာများကို ဝေးဝေးနေရန် တိုက်တွန်းထားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ ဒဏ်ရာရရှိသည့် အမျိုးသမီးများသည် မစိုးရိမ်ရသည့် ဒဏ်ရာများသာရရှိကြောင်း ထုတ်ပြန်ထားသည်။


















































