Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ညောင်ပင်သာရွာ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်သည့် စစ်ကောင်စီက PDF အယောင်ဆောင် ပြီး ဒေသခံများကို ခေါ်ယူသတ်ဖြတ်ခဲ့ဟု မိသားစုဝင် ပြော

စစ်ကောင်စီက ယခုကဲ့သို့ ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခဲ့မှုအပေါ် အရေးယူပေးရန် နိုင်ငံတကာကို တောင်းဆိုလိုကြောင်း၊ အကြိမ် ကြိမ်တောင်းဆိုခဲ့သော်လည်း မရခဲ့ကြောင်း၊ သို့ရာတွင် ထပ်မံတောင်းဆိုလိုကြောင်း ဒေသခံက ပြောသည်။

ညောင်ပင်သာရွာ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်သည့် စစ်ကောင်စီက PDF အယောင်ဆောင် ပြီး ဒေသခံများကို ခေါ်ယူသတ်ဖြတ်ခဲ့ဟု မိသားစုဝင် ပြော
ညောင်ပင်သာရွာ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်သည့် စစ်ကောင်စီက PDF အယောင်ဆောင် ပြီး ဒေသခံများကို ခေါ်ယူသတ်ဖြတ်ခဲ့ဟု မိသားစုဝင် ပြော

▪️သတ်ဖြတ်ခံရသူများ၏ မိသားစုဝင်အချို့ စကားသံ KNU ဖော်ပြ

▪️“လုံးလုံးလျားလျား ပြည်သူတွေ ကုန်သွားခါမှ ဒီလုံခြုံရေးကောင်စီတို့ UNတို့က အရေးယူပေးကြတော့မှာလား”ညောင်ပင်သာရွာဒေသခံ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ညောင်ပင်သာကျေးရွာခံ ၂၀ဦးကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ် ရေးတပ်(PDF)အယောင်ဆောင်ပြီး ဒေသခံများကို ခေါ်ယူကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူများ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ညောင်ပင်သာရွာတွင် သတ်ဖြတ်ခံရသူများ၏ မိသားစုဝင်အချို့ စကားသံ ရုပ်သံမှတ်တမ်းကို KNUက ယနေ့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

“ကျနော့် ကိုယ့်အဒေါ်နဲ့အမေပါပါသွားတယ်။ အကုန်လုံးလိုလိုက ကျနော် အိမ်နီးနားချင်းဆိုတော့ အကုန်လုံး ကိုယ့်မိသားစုတွေပဲ။ အသက်ခံရတာကတော့ ရက်ရက်စက်စက်ကို မီးရှို့အသတ်ခံရတာ။ လူမဆန်ဘူးပေါ့ဗျ။ PDFလိုလို ဘာလိုလို သူတို့က လာတာ။ လာပြီး နင်တို့ကို ငါတို့ကူညီမယ် သူတို့သွေးဆောင်ဖြားယောင်းတယ်”ဟု ကျန်ရစ်သူမိသားစုဝင်တစ်ဦးက ပြောသည်။

အကူအညီလိုအပ်နေသည့် ဒေသခံများအား ထိုသို့ သွေးဆောင်ဖြားယောင်း ဖမ်းဆီးပြီးနောက် မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါဒေသသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များအနက် PDF အယောင်ဆောင် ယူနီဖောင်းဝတ်လာသူများ ရှိသကဲ့သို့စစ်ကောင်စီတပ် ယူနီဖောင်းဝတ်လာသူများလည်းရှိကြောင်း၊ PDF အယောင်ဆောင် စစ်ကောင်စီတပ်သားများ၏ ဦးထုပ်နှင့် လက်နက်မှာမူ စစ်ကောင်စီတပ် အသုံးအဆောင်များအတိုင်းဖြစ်ပြီး ဝတ်စုံသာ အယောင်ဆောင်ဝတ်လာခြင်းဖြစ်ကြောင်း ယင်းဒေသ၌ တိုက်ပွဲဝင်နေသည့် တော်လှန်ရေးရဲဘော်တစ်ဦးက People’s Spring သို့ ပြောကြားထားသည်။

KNU၏ ထုတ်ပြန်ချက်အရ ညောင်ပင်သာရွာမှ ကလေးငယ် လေးဦး၊အမျိုးသမီး ၉ဦး အပါအဝင် ၁၉ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့ပြီး ကျန်တစ်ဦးကို သင်္ချိုင်းကုန်းနား၌ နှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

နှိပ်စက်သတ်ဖြတ်ခံရသူ၏ ဇနီးဖြစ်သူကလည်း ၎င်း၏ အမျိုးသားအကြွေးတောင်းရန် ထွက်သွားရာ အိမ်ပြန်မလာ၍ စုံစမ်းခဲ့ရာ သတင်းမရခဲ့ကြောင်း၊ ပျောက်ဆုံးပြီး ၂ရက်မြောက်တွင် သင်္ချိုင်းကုန်းဘက်၌ အလောင်းတစ်လောင်းတွေ့သည်ဆို၍ သွားကြည့်ရာ ၎င်း၏ အမျိုးသားဖြစ်နေပြီး နှိပ်စက်သတ်ဖြတ်ခံထားရကြောင်း ပြောကြားသည်။

“ရင်ထဲမှာတော့ အတိုင်းမတိ စိတ်ဆင်းရဲရတယ်။ စိတ်ဒုက္ခတွေ ဖိစီးမှုတွေများခဲ့ရတယ်။ ကိုယ့်မှာ ကလေးလေးတွေရှိသေးတယ် သုံးယောက်။ သမီးလေးက အခုမှ (၄)နှစ်ခွဲ။ သားလေးကလည်း အရွယ်မရောက်သေးဘူး။ အလတ်ကောင်လေးဆိုရင် သူ ရှင်ပြုပေးမယ်လို့ သူပြောထားတယ်လေ။ သူ ရှင်မပြုသွားလိုက်ရဘူး။ကလေးလေးတွေပဲရှိသေးတော့ အမတစ်ယောက်တည်း ဘ၀ကို ရင်ဆိုင်ရမှာ တော်တော်ဒုက္ခရောက်အုံးမှာပေါ့လေ”ဟု ကျန်ရစ်သူ ဇနီးသည်က ပြောသည်။

ညောင်ပင်သာရွာ၌ မေလ ၁၀ရက်က စစ်ကောင်စီတပ်စစ်ကြောင်းကို KNUက တိုက်ခိုက်ခဲ့ရာ အရာရှိ အပါအဝင် ၅ဦးသေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု KNUက ထုတ်ပြန်ထားသည်။

အဆိုပါ ညောင်ပင်သာရွာ၌ မေလ ၁၀ရက် တိုက်ပွဲဖြစ်ပွားမှုအပါအဝင် ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားမှု ၃ကြိမ်ရှိပြီဟု ဒေသခံက ပြောသည်။

“ကျနော်တို့က စစ်တပ်လာပြီဆိုတဲ့ အသံကြားကတည်းက ကျနော်တို့က ရွာပြင်ကိုထွက်ပြီးပြေးရပါတယ်။ ပြေးရတော့ တိုက်ပွဲတွေဖြစ်ကြပါတယ်”ဟု ဒေသခံက ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဝင်လာသည့် စစ်ကောင်စီတပ်သည် တွေ့သည့်ဒေသခံပြည်သူများအား မကြောက်ရန် ပြောဆိုခေါ်ထုတ်သွားသည်ဟု ဆိုသည်။

“ခေါ်ထုတ်သွားပြီး ဘုန်းကြီးကျောင်း ဒီဘက်နား ရွာလယ်ပိုင်းလောက်ကျ အဲဒီလူတွေကို မျက်နှာတွေကို အဝတ်တွေနဲ့စည်း၊ တိပ်တွေကပ်၊ ကြိုးတွေတုပ်ပြီးတော့ လည်ပင်းတွေလှီး၊ ခေါင်းတွေကိုရိုက် ဦးနှောက်တွေဘာတွေထွကလိုထွက် အဲဒိလို လုပ်တော့ မိန်းမ ၁၁ယောက်ထဲမှာ ကလေး ၂ယောက်ပါပါတယ်။ ယောက်က်ျား ၈ယောက်ထဲမှာ ကလေးသုံးယောက်ပါပါတယ်။ အဲဒါကို ကလေးတွေနဲ့ မိန်းမတွေနဲ့က တစ်ပုံ၊ ယောက်ျားတွေချည်းပဲကိုယ်က သပ်သပ် တစ်ပုံ ပုံပြီး မီးတွေရှို့သတ်လုပ်ခဲ့ပါတယ်” ဟုဒေသခံက ပြောသည်။

စစ်ကောင်စီက ယခုကဲ့သို့ ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခဲ့မှုအပေါ် အရေးယူပေးရန် နိုင်ငံတကာကို တောင်းဆိုလိုကြောင်း၊ အကြိမ် ကြိမ်တောင်းဆိုခဲ့သော်လည်း မရခဲ့ကြောင်း၊ သို့ရာတွင် ထပ်မံတောင်းဆိုလိုကြောင်း ဒေသခံက ပြောသည်။

“ဒီစစ်ကောင်စီကို ဘာကြောင့်အရေးမယူတာတုန်း။ သူတို့ မလုပ်ရဲလို့ မယူတာလား။ ကျနော်တို့ ပြည်သူတွေက ဘယ်လောက်ထိ ဒုက္ခရောက် အသတ်အဖြတ် ဘယ်လောက်အထိ ကျနော်တို့ခံပေးရအုံးမလဲ။ လုံးလုံးလျားလျား ပြည်သူတွေ ကုန်သွားခါမှ ဒီလုံခြုံရေးကောင်စီတို့ UN တို့က အရေးယူပေးကြတော့မှာလား။ ကျနော်ဒါလေးတွေကိုတော့ နိုင်ငံတကာကို ကျနော်ဒီနေရာကနေ ပြောဆိုချင်ပါတယ်။ စစ်ကောင်စီက ဒီလောက် ကျနော်တို့ မြန်မာပြည်သူတွေကို ပြည်သူရဲ့ ဘဏ္ဍာငွေနဲ့ ဝယ်ဆောင်ထားတဲ့ လက်နက်တွေနဲ့ပြည်သူကို ပြန်သတ်နေတာကို နိုင်ငံတကာအနေနဲ့ အခုလို လက်ပိုက်ပြီး ကြည့်နေတော့မှာလား။ ပါးစပ်တွေကပဲ ပြောနေတော့မှာလား။ လက်တွေ့ရော မလုပ်နိုင်တော့ဘူးလား” ဟု ဒေသခံက ပြောသည်။

ထို့အပြင် အာဆီယံအနေဖြင့်လည်း မြန်မာပြည် သားများအတွက် ဘာမှ မလုပ်ပေးနိုင်ကြဘဲ စစ်ကောင်စီနှင့် အကျိုးတူဖြစ်နေပြီလားဟု မေးလိုကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။