အာဏာသိမ်း စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် ဟစ်ဟော့အဆိုတော် ဗျူဟာ စစ်ကြောရေးအတွင်း သေဆုံးသည်ဟု သတင်းများထွက်ပေါ်နေသည်။
ဗျူဟာသည် စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနကို ပြည်သူ့အစိုးရနှင့် နှိုင်းယှဉ်ဝေဖန်ထောက်ပြကာ အသုံးမကျကြောင်း မေလ ၂၃ရက်ညတွင် ၎င်း၏ဖေ့စ်ဘွတ်ခ်မှ Live လွှင့်ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မေလ ၂၄ရက် နံနက်တွင် စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက် တွင် စစ်ကြောရေး၌ ကွယ်လွန်သွားကြောင်း သတင်းများပြန့်နှံ့လာခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဧရာဝတီသတင်းဌာနက ဗျူဟာ၏ ဖခင် တေးရေးနိုင်မြန်မာကို ဆက်သွယ်မေးမြန်းရာ သားဖြစ်သူကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးကြောင်း ပြန်လည်ဖြေကြားထားသည်။

Public Service Announcement

ဗျူဟာသည် နံနက် ၄ နာရီခန့်တွင် သေဆုံးသွားသည်ဆိုသည့် အကြောင်းအရာကို Thae Ei Mon အမည်ဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူက တင်ခဲ့ခြင်းဖြစ်ပြီး ယင်းပို့စ်ကို ရှဲပေးရန်တောင်းဆိုထားသည်။
အဆိုပါအကောင့်တွင် အခကြေးငွေယူ၍ လိင်ဝန်ဆောင်မှုလုပ်ဆောင်သည့် ပို့စ်များလည်း တွေ့ရပြီး ဗျူဟာ၏ အိမ်နီးချင်းဖြစ်ကြောင်း မှတ်ချက်ပေးသူများကို ပြန်လည်ဖြေကြားထားသည်။
ရန်ကုန်တိုင်းအတွင်းမှ တော်လှန်ရေးသတင်းများကို ဖော်ပြပေးနေသည့် Ground News Coverage GNC ပေ့ခ်ျတွင် “စစ်ကြောရေးမှာ အဆိုတော် ဗျူဟာကို စခတွေကို ရိုက်နိုက်မှုတွေရှိခဲ့ပေမယ့် ယခုအချိန်အထိ သတင်းတွေအရ အဆိုတော် ဗျူဟာ သေဆုံးသည်ကိုတော့ မည်သူမှ အတည်မပြုနိုင်သေးပါဘူး ။မသေဘူးလို့တော့ ကျွန်တော်တို့ GNC ရဲ့ အတွင်းသတင်းတစ်ချို့အရ. သိရပါသည်။အနည်းငယ် စိုးရိမ်ရတဲ့အခြေအနေတော့ ရှိပါတယ် ။
တစ်ခုခုဆို သတင်းတစ်ခုကို Attention တစ်ခုလိုချင်ရုံနဲ့ မတင်ကြဖို့ လိုအပ်ပါသည်။” ဟု အသိပေးထားသည်။
