မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ တောင်ခင်ရန်း ရဲစခန်းကို ယမန်နေ့ ညပိုင်းက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မေလ ၂၅ရက် ညပိုင်းတွင် ရန်သူ စစ်ကောင်စီတပ်သားများ စခန်းချပြီး ပျူစောထီးများ ဝင်ထွက်သွားလာနေသည့် တောင်ခင်ရန်းရဲစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။ ယင်းတိုက်ခိုက်မှုကို ABSDF စစ်ကြောင်း (၃)၊ အမှတ်(၁၂)တပ်ရင်း၊ ယောဒေသစခန်းမှ ရဲဘော်များ၊ ဒေသခံ PDFများ၊ ပကဖများ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်ဟု အသိပေးသည်။
စစ်ကောင်စီတပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သုံးဦး သေဆုံးခဲ့ပြီးအရာရှိတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

အရာရှိသည် ခြေထောက်ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာပြင်းထန်၍ ခြေထောက်ဖြတ်တောက်လိုက်ရကြောင်း စခန်းရှိ သတင်းပေးတစ်ဦးထံမှ စုံစမ်းသိရှိရသည်ဟု ထုတ်ပြန်သည်။
တိုက်ပွဲနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရသေးပေ။
ABSDFသည် အင်းတော်မြို့နယ်တိုက်ပွဲ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။ ထို့ပြင် ABSDFသည် ရှမ်းမြောက် မိုးမိတ်ဒေသရှိ ကျောက်မောရွာ ရဲကင်းစခန်းကိုလည်း မေလ ၂၄ရက်က ဝင်ရောက်စီးနင်းခဲ့ရာ ရဲ လေးဦးသေဆုံးပြီး လက်နက် ၆လက် သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးထားသည်။
