▪︎အရပ်ဝတ်ထောက်လှမ်းရေးများကိုမြို့နယ်တိုင်းတွင်ဖြန့်ထားလာ
ရန်ကုန်မြို့အတွင်း စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း လုံခြုံရေး ပိုတင်းကြပ်လာပြီး အရပ်ဝတ် ထောက်လှမ်းရေးများပါ မြို့ နယ်တိုင်းတွင်ရှိလာကြောင်း ဒေသခံများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက People’s Spring သို့ပြောသည်။
နာမည်ကြီးစစ်တပ်ထောက်ခံသူများ၊မဘသအဖွဲ့ဝင်များဆက်တိုက် အသတ်ခံရမှုအပါအဝင် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်တိုင်းစစ်ဒေသက ရန်ကုန်၌ ပထမဆုံးအကြိမ်အဖြစ် PDF တပ်ရင်း ၅၁၀၁ ကို တည်ထောင်ကြောင်း ဇွန် ၁ ရက်တွင် ကြေ ညာလိုက်ပြီးနောက် စစ်ကောင်စီကလုံခြုံရေးပိုမိုတင်းကြပ်လာခြင်းဖြစ်သည်ဟုဒေသခံများကပြောသည်။
“အခုက မြို့နယ်တိုင်းမှာ နာရီဝက် တခါ လောက်ကို ပတ်ကင်းလှည့်နေတာ ရှိတယ်။ဒါ ပြောင်းလဲလာတဲ့ စစ်ကောင်စီရဲ့ အခြေအနေ။နောက်တစ်ခုက မြို့နယ် တိုင်းရဲ့ ကျောင်း ဒါမှမဟုတ် ရုံး တချို့ နား တွေမှာ အရပ်ဝတ်ပုံစံထောက်လှမ်းရေး ပုံစံတွေ ရှိလာတယ်။ ဒါတွေက အခု ရက်ပိုင်းထူး ခြား တဲ့ လှုပ်ရှားမှုတွေပဲ”ဟု ကမာရွတ်မြို့ခံတစ်ဦးကပြောသည်။
အလားတူ ရန်ကုန်မြို့၌ စစ်ကောင်စီအထိုင်ချ စစ်ဆေးလေ့ရှိသော နေရာများပိုတိုးလာကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
“တောင်ဒဂုံ၊မြောက်ဒဂုံ နဲ့အရှေ့ဒဂုံဘက်ဆိုအရင်ကအတွင်းလမ်းမ တွေပေါ်မှာ မရှိခဲ့ဘူး။အခု ရက်ပိုင်း အတွင်းလမ်းမပေါ်မှာ နေ့လည်ရော ညနေ ပိုင်းအထိ စစ်လာတယ်။ပစ်မှတ်ထားတဲ့ ပုံစံမဟုတ်ဘဲ နဲ့ သူတို့ မသ်ကာ ရင် ခေါ်စစ်ခံရတာပဲ”ဟု အငှားယာဥ်မောင်းတစ်ဦးကလည်းပြောသည်။

စမ်းချောင်းမြို့နယ်တွင်လည်း ရှောင်တခင်စစ်ဆေးမှုများလည်း ယခင်ထက်ပိုမိုပြုလုပ်လာပြီး စစ်ကောင်စီကားများ ကင်းလှည့်နေသည်ကို ပိုမိုတွေ့ရှိရကြောင်း စမ်းချောင်းမြို့၌ နေထိုင်သူတစ်ဦးကပြောသည်။ထို့အပြင် ညပိုင်းအချိန်များတွင် ဧည်စာရင်းစစ်မှုကို မြို့နယ်အများစုတွင်ယခင်ထက်ပိုလုပ်လာကြောင်း ပြည်သူများကပြောသည်။
ထို့ကြောင့် missionဖော်ဆောင်မည့် တော်လှန်ရေးသမားများအနေဖြင့် သတိပြုရန် ၎င်းတို့ကတိုက်တွန်းသည်။
ယခုရက်ပိုင်းစစ်ကောင်စီက လုံခြုံရေး တိုးမြှင့်ထားမှုကို နား လည် သိရှိပြီး ဖြစ်သော်လည်း ရသည့် နေရာ ဘက်ပေါင်းစုံမှ တိုက်ခိုက်သွားမည်ဟု မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဘက်ပေါင်းစုံ ကျည်သင့်နေတော့ စခ ဘက်က ပိုကြောက်လာတယ် လို့ပဲပြောရမယ်။ကျွန်တော်တို့ဘက်ကတော့တော်လှန်ရေးအပေါ်မှာထားတဲ့ သစ္စာတရားကြောင့် ရတဲ့အချိန်ရတဲ့နေရာနဲ့ ရသလို စခ တွေကို တိုက်မယ်။လုံခြုံရေးအသိ၊သတိကတော့ အမြဲထားပါတယ်”ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့တွင် စစ်တပ်အမာခံထောက်ခံသူ မဘသအဖွဲ့ဝင်လည်းဖြစ် ၊မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသားရေးအစည်းအရုံးဥက္ကဋ္ဌ ဦးတင့်လွင် မှာမေလ ၂၆ရက် နေ့လည်ပိုင်က ရန်ကုန်မြို၊ မြောက်ဒဂုံမြိုနယ်ဗထူးလမ်းမပေါ်ရှိရွှေကောင်းကြွယ်လက်ဖက်ရည်ဆိုင်အတွင်းရှိနေစဥ်သေနတ်ဖြင့် ပစ်သတ်ခံရသည်။အလားတူစစ်တပ်အမာခံထောက်ခံသူ ၊မဘသအဖွဲ့ဝင် ၊အဆိုတော်ဒေါ်လီလီကျော်နိုင်မှာလည်း မေ၃၀ ရက် ညဦးပိုင်း၌ ၎င်း၏အိမ်၌ ကားပါကင်ထိုးစဥ် ပစ်ခတ်အသတ်ခံရသည်။
ထိုအပြင် NUG ကာကွယ်ရေးဝန်ကြီးဌာနက ၊ရန်ကုန်တိုင်း စစ်ဒေသ အောက်တွင် တိုက်ရည်ခိုက်ရည်ပိုမိုကောင်းမွန်ကာအမိန့်နာခံမှုကောင်းသောရဲဘော်များဖြင့်တပ်ရင်းတစ်ရင်းကို စတင်ဖွဲ့စည်းလိုက်ကြောင်းကြေညာခဲ့သည်။ “စစ်ကောင်စီကို စစ်နည်းဗျူဟာကျကျ ပိုမိုထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်းဖြစ်သည့် တပ်ရင်း ၅၁၀၁ ကို ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လေ့ကျင့်ရည်ပြည့်ဝ၍ တိုက်ရည်ခိုက်ရည် ကောင်းမွန်ပြီး အမိန့်နာခံမှုအားကောင်းသော စစ်သည်တော်ကောင်းများဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စတင်၍ ဖွဲ့စည်းကြောင်း ဤစာဖြင့် ထုတ်ပြန်ကြေညာလိုက်သည်”ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်း၌ ၂၀၂၁ ခုနှစ် မေလ ၅ ရက်မှ ၂၀၂၃ မေလ ၃၁ ရက်အထိ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်တာအတွင်း စစ်ဆင်ရေးပေါင်း ၂,၀၀၀ ကျော် ပြုလုပ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲက ထုတ်ပြန်ထားသည်။
ထိုစစ်ဆင်ရေးများအတွင်း ရန်သူစစ်ကောင်စီမှ ဗိုလ်မှူးကြီးအဆင့်များ အပါအဝင်သေဆုံးမှု ၆၀၀ ကျော်၊ ထိခိုက်ဒဏ်ရာရရှိမှု ၉၀၀ ကျော်ရှိခဲ့ပြီး စစ်ဆင်ရေးအတွင်း မတော်တဆထိခိုက်မှုများ၊ စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုများကြောင့် တော် လှန်ရေးရဲဘော်များမှ ကျဆုံးရဲဘော် ၈၀ ကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ခန့်နှင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ ၁,၀၀၀ကျော်ရှိခဲ့ကြောင်း ဖော်ပြသည်။
