စစ်ဆင်ရေးများဖော်ဆောင်နိုင်ရန် ထောက်ပံ့မှုများလိုအပ်ဟု တာဝန်ရှိသူပြော
ပြည်သူများထံမှ အတင်းအဓမ္မ ငွေညှစ်နေသည့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ယာဉ်ထိန်းရဲလိုင်းခန်းကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force – NMD မှ တာဝန်ရှိသူက ပြောသည်။
“ဝင်းထဲကိုပစ်တာ ။ အထိအခိုက်တော့ မရှိဘူးကြားတယ်။ ညကတော့ ဘေးရပ်ကွက်တွေကို ဓာတ်မီးတွေနဲ့လိုက်ရှာတယ်ပြောတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ဇွန်လ ၁၀ရက် ည ၈ နာရီခန့်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
NMD အနေဖြင့် ဇွန်လ ၁၀ရက် ညနေ ၄ နာရီတွင်လည်း ချမ်းအေးသာစံမြို့နယ်ရှိ မြန်မာ့အာမခံလုပ်ငန်းရုံးကိုလည်း တိုက်ခိုက်ခဲ့ပြီး ရုံးအဆောက်အဦးနှင့် ကားတစ်စီးပျက်စီးခဲ့သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
အဆိုပါရုံးသည် ယာဉ်လိုင်စင်သက်တမ်းတိုးရာတွင် အရေးပါသည့် ရုံးဖြစ်ပြီး စစ်ကောင်စီအတွက် အခွန်ငွေရှာပေးနေခြင်းဖြစ်သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု NMD ၏တာဝန်ရှိသူက ပြောသည်။
NMD အနေဖြင့် မေလအတွင်းက စစ်ဆင်ရေး ကိုးခုဖော်ဆောင်ခဲ့ပြီး ယခုလအစတွင် စစ်ဆင်ရေးနှစ်ခုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ စစ်ဆင်ရေးများလုပ်ဆောင်နိုင်ရန်အတွက် ပြည်သူများ၏ အထောက်အပံ့များလိုအပ်နေကြောင်း ၎င်းက ပြောသည်။

“မစ်ရှင် တစ်ခါလုပ်ရင် ဆီဖိုးနေစရိတ်၊ စားစရိတ် အစစအရာရာ တာ၀န်ယူရပါတယ်။ အခု MDY media ထောက်ပံ့မှုကလည်းနည်းလာတယ် ပြည်သူပါ၀င်မှုကလည်းနည်းလာတယ်ဗျ ကျတော်တို့ ထောက်ပံ့မှုမရှိရင် နောက် မစ်ရှင်ဖော်ဆောင်ဖို့မလွယ်ဘူး “ဟု အထက်ပါဝာာဝန်ရှိသူက ပြောသည်။
ထို့ကြောင့် ၎င်းတို့အဖွဲ့ကို ထောက်ပံ့လိုသူများအနေဖြင့် No More Dictatorship People Defence Force – NMD ၏ ဖေ့စ်ဘွတ်ခ်မှ လုံခြုံစွာထောက်ပံ့နိုင်ကြောင်း ၎င်းက ဆိုသည်။
“လက်ရှိ မြို့ပေါ်ကို တော်လှန်ရေး သတိ၊ အသိရှိအောင် ဖောက်ခွဲတိုက်ခိုက်နေတာက လက်ချိုးရေလို့ရပါတယ်။ ဒါပေမယ့်ကူညီထောက်ပံ့မှုတွေက အရမ်းအားနည်းလာပါတယ်။ဒီပုံအတိုင်းဆို ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့လည်း မြို့ပေါ်မစ်ရှင်တွေကို လျော့ချရမယ့် အနေအထား ဖြစ်နေပါပြီ”ဟု လက်ရှိကြုံရသည့် အခက်အခဲကို ၎င်းက ပြောသည်။


















































