ကရင်နီ(ကယား)ပြည်နယ်၊ မယ်စဲ့မြို့ရှိ စစ်ကောင်စီ စခန်းများတိုက်ခိုက်ခံရပြီးနောက် ဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီက အင်အားဖြည့်တင်းနေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ယနေ့(ဇွန် ၁၅ ရက်) နေ့လည်ပိုင်း ကစ၍ ဘောလခဲမြို့မှဖားဆောင်းမြို့ဆီသို့ အင်အား ၂၀၀ ထက်မနည်းသော စစ်ကောင်စီတပ်သားများပို့ဆောင်ခဲ့သည်ဟုသိရသည်။
“ဖောကား ၅ စီးအပြင်ခြေလျင် စစ်ကြောင်းတွေပါ ပါတယ်။ အင်အား ၂၀၀ ထက်မနည်းဘူး ဘောလခဲက နေဆင်းလာတာ။နောက်ပြီး ဖားဆောင်းအခြေစိုက် ခလရ ၁၃၄၊ ခလရ ၁၃၅ တို့ လုံခြုံရေးအင်အားတိုးချဲ့ပြီးဆိုင်ကယ်၊ ကားတွေမြို့တွင်း လှည့်လည်တာတွေလုပ်နေတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က People’s Spring သို့ပြောသည်။
ယမန်နေ့ (ဇွန်လ ၁၄ ရက်) ည ၇ နာရီခန့်ကဖားဆောင်းမြို့အနီးက သံလွင်အရှေ့ဘက်ခြမ်းကိုစစ်ကောင်စီတပ်ကလေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲခဲ့ပြီးလက်နက်ကြီးများဖြင့်လည်းအဆက်မပြတ်ပစ်ခတ်ခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက အသိပေး သည်။

Public Service Announcement
“အဓိကတော့ မယ်စဲ့က စစ်ကောင်စီစခန်းတွေသိမ်းခံ လိုက်ရတာ။ပြီးတော့ လက်နက်ကြီး လက်နက်ငယ်တွေ တော်တော်ပါသွားတယ်။ဒါကြောင့် ဖားဆောင်းက တပ်အထိုင်တွေပါ မျက်ခုံးလှုပ်လာနေတာ။စကစရဲ့လေယာဥ်ပစ်ကူက သူတို့စခန်းသိမ်းခံပြီးကတည်းက ဒီနေ့အထိ ရှိနေတုန်းပဲ။ဒေသခံတွေလဲ ထိုင်းဘက် ကို ထွက်ပြေးနေရတယ်”ဟု ကရင်နီတပ်မတော် KA နှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။

ဇွန်လ ၁၂ရက်က ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းကြောင်း ကြေညာပြီးနောက်တစ်နေ့ ဇွန်လ ၁၃ရက်တွင် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အပါအဝင်ကရင်နီပူးပေါင်းတပ်က မယ်စဲ့ မြို့ရှိစစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းယူခဲ့သည်။
BP (14) ၊ BP (15)၊ BP (16)စခန်းဖြစ်သော တောင်လှစခန်းနှင့် မယ်စဲ့မြို့မ ရဲစခန်း တို့ကို ကရင်နီတပ်ပေါင်းစုများကတစ်ချိန်တည်းတိုက်ခိုက်ခဲ့သည်။
BP (16) စခန်းဖြစ်သော တောင်လှစခန်းကို အလုံးစုံ ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ မယ်စဲ့ရဲစခန်းတစ်ခုတည်း၌ပင် သေနတ် အလက် ၄၀ ခန့်ရရှိပြီး စစ်ကောင်စီစခန်းမှ ၁၂၀ မမ ကဲ့သို့ လက်နက်ကြီ နှစ်ခုရရှိခဲ့ကြောင်း ကရင်နီ စစ်ဖက်ဆိုင်ရာ သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောထားသည်။
ယခင်ကလည်း နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်နီပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးသည်။ ထို့ပြင် ကရင်နီပြည်နယ် ဒီးမော့ဆိုအပါအဝင် ဒေသတွင်းထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို အထိနာအောင် ကရင်နီပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ထားနိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိထားသည်။လတ်တလောတွင်ကရင်နီပြည်တွင် မိုးဗြဲမြို့နယ်၌ တိုက်ပွဲများပြင်းထန်နေသည်။
စစ်အုပ်စုအာဏာသိမ်းပြီး ၂ နှစ်ကျော်လာချိန် ၂၀၂၃ ဖေဖော်ဝါရီလမှ စ၍ ကရင်နီပြည်တွင်တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေခြင်းဖြစ်သည်။စစ်တပ်က အင်အားထောင်ချီတိုး၍ ၊လက်နက်ကြီး လေကြောင်းပစ်ကူများဖြင့်ထိုးစစ်ဆင်သော်လည်း စစ်ကောင်စီတပ်ပင် သေဆုံးထိခိုက်မှုများပြီးအထိနာကာစခန်းများမကြာခဏအသိမ်းခံနေရသည်။


















































