▪︎စစ်တပ်အတွက် လေယာဥ်ဆီတင်သွင်းပေးသူအားလုံးကိုဒဏ်ခတ်အမေရီကန်အရေးယူမည်ဟုအသိပေး
အာဏာသိမ်း မြန်မာစစ်တပ်အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကို အမေရိကန်က ပိုမို တင်းကျပ်လိုက်ပြီး ဒီတစ်ကြိမ်မှာတော့ စစ်ဗိုလ်ချုပ်တွေရဲ့ လေယာဉ်ဆီ တင်သွင်းမှု လမ်းကြောင်းတွေကို အဓိက ပစ်မှတ်ထားလာခဲ့တာ တွေ့ရပါတယ်။
အမေရိကန်က ဩဂုတ် ၂၃ ရက်မှာ ထုတ်ပြန်လိုက်တဲ့ အရေးယူ ပိတ်ဆို့မှု အသစ်တွေဟာ တော်လှန်ရေး အင်အားစုတွေကို ရင်ဆိုင်ဖို့အတွက် လေကြောင်း တိုက်ခိုက်မှု အင်အားကို အသည်းအသန် မှီခိုနေရတဲ့ မြန်မာစစ်တပ်အတွက် ကြီးမားတဲ့ အကျပ်အတည်းတွေ ဖြစ်ပေါ်လာစေဖွယ် ရှိနေပါတယ်။
အမေရိကန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့ရေး မူဝါတွေကို ကြီးကြပ်ရတဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာ စစ်ကောင်စီကို ဂျက်လေယာဉ် လောင်စာဆီတွေ တင်သွင်း ဝယ်ယူနိုင်အောင် အားပေးကူညီတဲ့ အမေရိကန်နဲ့ နိုင်ငံခြားသား လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ အားလုံးကို အရေးယူသွားမယ်လို့ သိရပါတယ်။
စစ်တပ်ဟာ တိုက်လေယာဉ်တွေကို အသုံးပြုပြီး အရပ်သား ပြည်သူတွေကိုပါ မညှာမတာ တိုက်ခိုက်နေတာကြောင့် အခုလို အရေးယူခဲ့တာ ဖြစ်တယ်လို့လည်း အမေရိကန်က ပြောပါတယ်။
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ပိတ်ဆို့စာရင်းမှာ လူပုဂ္ဂိုလ် နှစ်ဦးဖြစ်တဲ့ ခင်ဖြူဝင်းနဲ့ ဇော်မင်းထွန်းတို့ရဲ့ နာမည်တွေအပြင် သူတို့နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီ သုံးခုပါ ပါဝင်လာပါတယ်။ အဲဒီ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေဟာ မြန်မာ စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် ဂျက်လေယာဉ် လောင်စာဆီတွေ တင်သွင်းဝယ်ယူနိုင်အောင် ထဲထဲဝင်ဝင် အကူအညီ ပေးခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဆီက အထူးအမိန့်အရ ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ မြန်မာနိုင်ငံဆီ ဂျက်အင်ဂျင် လေယာဉ်ဆီ တင်သွင်းမှု လမ်းကြောင်းတွေကို သေသေချာချာ ဆန်းစစ် စောင့်ကြည့်ခဲ့တယ်လို့လည်း ဆိုပါတယ်။
မြန်မာစစ်တပ်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို ပစ်မှတ်ထားပြီး အရေးယူ ပိတ်ဆို့မှုတွေ ဆက်လက် အရှိန်မြှင့်တင်နေခြင်းအားဖြင့် စစ်တပ်က ပြည်သူတွေအပေါ် ဖိနှိပ် အနိုင်ကျင့်ရာမှာ အသုံးပြုတဲ့ ရင်းမြစ်တွေ ပိုမို ခန်းခြောက်လာအောင် ဖိအားပေးနိုင်မှာ ဖြစ်တယ်လို့လည်း ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ အကြမ်းဖက်မှုနဲ့ ဘဏ္ဍာရေး ထောက်လှမ်းမှုဌာန အတွင်းဝန် ဘရိုင်ယန် နယ်လ်ဆန်က ပြောပါတယ်။
ဘဏ္ဍာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေကို ဖိနှိပ်ရာမှာ ကြမ်းတမ်း ခက်ထန်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို အလွန်အကျွံ အသုံးပြုနေကြောင်း ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှု အပြီး အရပ်သားပြည်သူ ၃၉၀၀ ထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး ဖြစ်တယ်လို့လည်း အမေရိကန် အစိုးရက ဆိုပါတယ်။
အာဏာသိမ်း စစ်တပ်ဖက်ကတော့ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုကြောင့် အကြီးအကျယ် ထိခိုက် ခံစားရနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ငြင်းဆိုထားသလို သူတို့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ အရပ်သားတွေကို ဦးတည်တာ မဟုတ်ဘဲ တော်လှန်ရေး အင်အားစုတွေကိုသာ ပစ်မှတ်ထားခဲ့တာလို့လည်း တုံ့ပြန် ပြောဆိုထားပါတယ်။
အမေရိကန်ဟာ မြန်မာစစ်တပ်ရဲ့ အသက်သွေးကြော နိုင်ငံခြားဝင်ငွေ ရင်းမြစ်တွေကို ပိုမို ဖြတ်တောက်ဖို့လည်း ကြိုးစားလာပြီး ဇွန်လတုန်းက မြန်မာ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း အပြင် အစိုးရပိုင် စီးပွားရေး လုပ်ငန်းကြီး နှစ်ခုကို နာမည်ပျက် စာရင်းသွင်းပြီး အရေးယူ ပိတ်ဆို့ခဲ့ပါသေးတယ်။