ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာကြောင်း မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၄ရက် နံနက်ပိုင်းတွင် မင်းတပ်မြို့နယ် ၁၆မိုင်နှင့် ပန်းစခန်းအကြား အများပြည်သူသွားလာလမ်း၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။
“အဲ့နေရာမှာ အိမ်အချိုု့ရှိတယ်။ လူတွေက ရှောင်နေကြရတာ။ တိုက်ပွဲမဖြစ်ဘဲ ဗုံးလာကြဲတာ”ဟု CDF-Mindatမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ်တွင် ဗုံး ၆လုံး ကြဲချတိုက်ခိုက်ခဲ့ရာ လူနေအိမ် သုံးလုံးပျက်စီးခဲ့သည်ဟုသိရသည်။
“တဆက်ထဲ (၂၇၄)တပ်ရင်းမှလည်း (၁၂၀)မမ လက်နက်ကြီးဖြင့် ၎င်းနေရာကို ငါးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ ပြည်သူ့နေအိမ်သုံးလုံးထိခိုက်ပျက်ဆီးသွားတယ်လို့ကြားသိရပါတယ်”ဟု မင်းတပ်ဒေသခံက အသိပေးထားသည်။

Public Service Announcement


တိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးရှိ၊မရှိ အခြေအနေ မေးမြန်းရာ ထိခိုက်မှုမရှိဟု ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်သည် အောက်တိုဘာအတွင်းကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးပစ်ခတ်မှု ၂၃ ကြိမ်ပြုလုပ်ခဲ့ရာ လူနေအိမ်အချို့နှင့် ပြည်သူပိုင်ပစ္စည်းအချို့ ပျက်စီးခဲ့သည်ဟု မင်းတပ် CDFက အသိပေးသည်။

ထို့ပြင် စစ်ကောင်စီတပ်က ပြည်သူသုံးဦးကိုအကြောင်းမဲ့ဖမ်းဆီးခဲ့ရာ တစ်ဦးသေဆုံးခဲ့ရကြောင်း ထုတ်ပြန်သည်။
မင်းတပ် CDFနှင့် စစ်ကောင်စီတပ်တို့သည် အောက်တိုဘာ၂၅ရက်က မင်းတပ်မြို့တွင်း၌ ထိတွေ့မှု တစ်ကြိမ်ဖြစ်ပွားခဲ့သည်။
