Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆီဆိုင်မြို့ကို စစ်ကောင်စီက စစ်ကြောင်းထိုးရန်ကြိုးပမ်းနေ၍ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)အနေဖြင့် ပအိုဝ်းဒေသအတွင်းရှိ လူမျိုးပေါင်းစုံပြည်သူများ ထာဝရ ငြိမ်းချမ်းသာယာစွာ နေထိုင်ရပ်တည်နိုင်ရေး လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်နေလျက်ရှိနေကြောင်းလည်း PNLAက ထုတ်ပြန်သည်။

(ဆီဆိုင်မြို့ကိုထိန်းချုပ်ပြီးနောက် တွေ့ရသော PNLAတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - PNLA)
(ဆီဆိုင်မြို့ကိုထိန်းချုပ်ပြီးနောက် တွေ့ရသော PNLAတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - PNLA)

▪️တိုက်ပွဲမဖြစ်ဘဲ ဘန်းယဉ်နှင့် ဆိုက်ခေါင် ဒေသသို့ လက်နက်ကြီးပစ်ခတ်၍ ပအိုဝ်းဒေသခံများ တိမ်းရှောင်ရ

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ ပြည်သူ့စစ် PNOတပ်များက စစ်ကြောင်းထိုးရန် ကြိုးစားနေ၍ တိုက်ပွဲဖြစ်ပွားမှု နေ့တိုင်းနီးပါးရှိနေကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် PNLO/PNLA သည် ဇန်နဝါရီ နောက်ဆုံးပတ်တွင် စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး ဆီဆိုင်ရှိ ရဲစခန်း၊ တပ်ရင်းဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီး ဇန်နဝါရီလကုန်ပိုင်း၌ ဆီဆိုင်မြို့ကို ထိန်းချုပ်ထားခြင်းဖြစ်သည်။

“ဆီဆိုင်မြို့ကို ကျနော်တို့ PNLAက ထိန်းချုပ် ထားဆဲဖြစ်တယ်။ အဲဒါကို စကစနဲ့ ပသစ(ပြည်သူ့စစ်)တွေက ပူးပေါင်းပြီးတော့ စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာမျိုးလည်း ရှိတော့ ထိတွေ့တိုက်ပွဲ နေ့တိုင်းလိုလို ဖြစ်ပွားနေတာတော့ ရှိပါတယ်”ဟု လက်ရှိ စစ်ရေးအခြေအနေအကျဉ်းကို ခွန်ရိန်းယံက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

PNLAက ဆီဆိုင်မြို့ကို ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိရာ အရပ်သားပြည်သူများ နေထိုင်ရာနေရာများကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခြင်းအပြင် ဘာသာရေးအဆောက်အဦးများကိုလည်း ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေသည်ဟု PNLAက အသိပေးထားသည်။

“ကျနော်တို့ဘက်ကတော့ လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ဆက်လက်ဆောင်ရွက်နေလျက်ရှိတယ်။ မနေ့က အခြေအနေကတော့ ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းထဲကနေ ပြီးတော့ ဘန်းယဉ်မြို့ အရှေ့ဘက်ကို တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ ၁၆ကြိမ်ပစ်ခတ်တယ်။ အဲဒီလိုမျိုးပစ်ခတ်တာကို လူထုက ထိတ်လန့်မှုရှိတော့ ဒေသခံ လူထုတချို့က တိမ်းရှောင်နေရတာရှိပါတယ်။ ပြီးတော့ ဆိုက်ခေါင်မှာရှိတဲ့ ဆိုက်ခေါင် စံပြကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီက ဆိုက်ခေါင်အရှေ့ဘက်မှာရှိတဲ့ လွယ်ပွတ်ကျေးရွာကိုလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးနဲ့ ဆက်လက် ပစ်ခတ်ဖျက်ဆီးနေတာရှိတယ်”ဟု ခွန်ရိန်းယံက ပြောပြသည်။

ရိုးသားအေးချမ်းစွာ နေထိုင်ကြသည့် ပအိုဝ်းပြည်သူများကို စစ်အာဏာရှင်များက ရန်သူအဖြစ် သတ်မှတ်ပြီး ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

စစ်အာဏာရှင်များသည် စစ်အာဏာရှင်ကိုသာ ကိုးကွယ်ခြင်းဖြစ်၍ ပအိုဝ်းဒေသ အပါအဝင် နိုင်ငံတဝန်းရှိ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ တပ်စွဲခြင်း၊ ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ ရပ်ရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ အရှင်လတ်လတ်မီးရှို့ ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ယင်းဖြစ်ရပ်များကို ပြည်သူများ ကြုံနေရခြင်းအပေါ် စိတ်မကောင်းဖြစ်ရဟု PNLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီအနေဖြင့် မည်သည့်ကျင့်ဝတ်မှ မရှိဘဲ အကြမ်းဖက်တပ်တစ်ခုသာဖြစ်၍ ထိုသို့ ပြစ်မှုများကို ကျူးလွန်နေခြင်းဖြစ်ကြောင်းလည်း ၎င်း ကဆိုသည်။

“ဒီလိုမျိုး မတည်ငြိမ်မှုတွေ မငြိမ်းချမ်းမှုတွေ ဆင်းရဲဒုက္ခဖြစ်ရမှုတွေဟာ စစ်အာဏာရှင်စနစ်ကြောင့် ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေဖြစ်တယ်။ ဒါကြောင့် မို့လို့ ဒီဆင်းရဲဒုက္ခတွေဟာ စစ်အာဏာရှင်စနစ်အမြစ်မပြတ်မချင်း ကြုံတွေ့နေရမှာ ဖြစ်တယ်။ ဒီဆင်းရဲဒုက္ခက လွတ်မြောက်ဖို့ဆိုရင် စစ်အာဏာရှင်စနစ်အမြစ်ပြတ်မှသာ လွတ်မြောက်မှာ ဖြစ်တယ်။ ဒါကြောင့် ဒီလိုမျိုး ဆင်းရဲဒုက္ခကနေ လွတ်မြောက်ပြီးတော့ ထာ၀ရအေးချမ်းသာယာတဲ့ ဒေသဖြစ်ဖို့အတွက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးမှာ ကဏ္ဍအသီးသီးကနေ ပူးပေါင်းပါဝင်ပေးကြဖို့ တာဝန်ထမ်းဆောင်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်”ဟု ခွန်ရိန်းယံက ပြောသည်။

PNLAကလည်း ယမန်နေ့ စစ်ရေးအခြေအနေများကို ထုတ်ပြန်ထားရာ စစ်ကောင်စီနှင့်လက်အောက်ခံ အပေါင်းအပါပြည်သူ့စစ်များသည် ပအိုဝ်းဒေသအား လက်နက်ကြီးများ လေယာဉ်များဖြင့် ဆက်လက်ဗုံးကြဲ ပစ်ခတ်ဖျက်ဆီးနေလျက်ရှိကြောင်း၊ ဘန်းယဉ်နှင့် ဆိုက်ခေါင်ဒေသတွင် တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးဖြင့် စစ်ကောင်စီက ပစ်ခတ်၍ ပအိုဝ်းဒေသခံများ တိမ်းရှောင်ခဲ့ရကြောင်း အသိပေးသည်။

စစ်ကောင်စီသည် ပအိုဝ်းများနေထိုင်ရာဒေသဖြစ်သည့် ပဲခူးတိုင်း ဇရပ်ကြီးဒေသကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ၊ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူလူထုများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ဘုရားကျောင်းကန်များ မိဘပြည်သူများ၏ အိုးအိမ်စည်းစိမ်များလည်း ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)အနေဖြင့် ပအိုဝ်းဒေသအတွင်းရှိ လူမျိုးပေါင်းစုံပြည်သူများ ထာဝရ ငြိမ်းချမ်းသာယာစွာ နေထိုင်ရပ်တည်နိုင်ရေး လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်နေလျက်ရှိနေကြောင်းလည်း PNLAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။